ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလှူငွေကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိဘူးလို့ လျှောက်လဲချက်ပေး

Photo – AFP

စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူတာနဲ့ ပတ်သက်လို့ စွဲချက် တင် ခံထားရတဲ့ အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိလို့ လွှတ်ပေးသင့်တယ်လို့ ဒီကနေ့ရုံးချိန်းမှာ ရှေ့နေ အဖွဲ့က လျှောက်လဲချက်ပေးခဲ့ပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး နေပြည်တော် အချုပ်ထောင်၊ အထူးတရားရုံးမှာ အောက်တိုဘာ (၄) ရက်ဒီကနေ့ ရုံးချိန်း မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်လို့ ရှေ့နေ အဖွဲ့က အပြီးသတ်လျှောက်လဲချက်ပေး ခဲ့တာဖြစ် ကြောင်း တရားရုံးနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“ဒီကိစ္စမှာလှူတဲ့ မောင်ဝိတ် ကလည်း တရားစွဲတာမရှိဘူး၊သူ့သဘောနဲ့သူလှူတာ၊ဒေါ်အောင်ဆန်းစုကြည်က သွားအလှူခံတာလည်း မဟုတ်ဘူး၊အဲဒီငွေတွေကလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပေးလိုက်တာဆိုတော့ အပြစ်မရှိဘူး၊ ဒါကြောင့်လွှတ်ပေး ရမယ်လို့ လျှောက်လဲတာ ဖြစ်တယ်”လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က အမေရိကန်ဒေါ်လာ (၅)သိန်း လှူတယ်ဆိုတဲ့ ကိစ္စအတွက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားတာပါ။

ဒီအမှုနဲ့ ပတ်သတ်ပြီး ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ချေဖျက်ခွင့်တင်ခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပါ တယ်။အဲ့ဒီအမှုကို ဒီကနေ့ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး အောက်တိုဘာ (၁၂)ရက်ရုံးချိန်းမှာ အမိန့်ချ မှာြဖစ် တယ်လို့သိရပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်လို့ တရားရုံးမှာ လာရောက်ထွက်ဆိုရာမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေလှူခဲ့တာသာ ဖြစ်တယ်လို့ ဦးမောင်ဝိတ်ကိုယ်တိုင်ကလည်း ထွက်ဆိုထားပါတယ်။

အမှုအတွက် လိုပြသက်သေတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ ရုံးချိန်း မလာတာကြောင့် ကျန်နေသေးတဲ့ လိုပြ သက်သေတွေကို တရားရုံးက ဖယ်လိုက်ပြီး စက်တင်ဘာ (၂၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေထဲက စစ်ဆေးပြီး အမှုတွေအတွက် စုစု ပေါင်း ထောင်ဒဏ်(၂၃) နှစ်အထိ ချမှတ်ခံထားရပါတယ်။