ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနက ကျွန်တော် သူငယ်ချင်းဟောင်းများကို သတိတရ

အောင်ခင် (လန်ဒန်)

ဇူလိုင်လ ၂၂ ၊ ၂၀၂၂

 

ကိုသာနိုး ကွယ်လွန်သွားတာဟာ ၁၉၆၀‌ ပြည့်လွန်ကာလများဆီက ရန်ကုန်တက္ကသိုလ်ထဲက ကျနော့်ရဲ့ နေ့ရက်များရဲ့ အမှတ်ရစရာတွေကို နှိုးဆွပေးသလို ဖြစ်သွားပါတယ် ။ ၁၉၆၂ ခုနှစ်မှာ ကျနော် ဘွဲ့ရတယ်။ အဲဒီနှစ်မှာပဲ အနောက်တိုင်း သမိုင်းပညာနဲ့ နိုင်ငံရေးသိပ္ပံဌာနမှာ တက္ကသိုလ်နည်းပြဆရာ ဖြစ်ခဲ့ပါတယ်။

ကျနော်တို့ရဲ့ ပါမောက္ခကတော့ “ချစ်ဒုက္ခသီချင်း” နဲ့ ကျော်ကြားတဲ့ ဦးဘညွန့်ပါပဲ။ သူက ရုပ်ရှင် မင်းသား ဝင်းဦးနဲ့ ဝင်းညွန့် တို့အဖေ ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ မြန်မာစာဌာနမှာ ကိုဇော်မြင့် (ဇော်ဇော် အောင်)၊ ကိုဝင်းမွန်၊ ကိုအောင်သင်း၊ ကိုထွန်းမြင့် (ကဗျာဆရာ တက္ကသိုလ်မင်းမော်) တို့ တက္ကသိုလ် နည်းပြဆရာတွေ ဖြစ်လာကြပါတယ်။ ကျွန်တော့်ဌာနက (အခု စီးပွားရေးတက္ကသိုလ်) လူမှုရေးသိပ္ပံ အဆောက်အအုံမှာ ရှိပါတယ်။ သူတို့ကတော့ သိပ္ပံအဆောက်အအုံ မဟာဌာန ဘူမိဗေဒဌာနရဲ့‌ အောက် ထပ်မှာ ရှိပါတယ်။

ကျနော်က‌တော့ အလံနီ တက်ကြွလှုပ်ရှားရေးသမား  ကိုဇော်မြင့်နဲ့ အလွန်ရင်းနှီးပါတယ်။ ကျနော်တို့က မကြာခဏ အရက် အတူသောက် ဆေးလိပ် အတူဖွာခဲ့ကြပါတယ်။ ကိုဝင်းမွန်လည်း ကျနော် စာအုပ်တွေ ထုတ်ဝေရာမှာ အကူအညီပေးရင်းနဲ့ ရင်းနှီးခဲ့ပါတယ်။ သူတို့သမီးတွေနဲ့ အဆက် အသွယ်ရလို့ အရမ်းပျော်ရပါတယ်။ ကျနော်တို့အထဲမှာ ကိုအောင်သင်းက အကြီးဆုံးပဲ။ လက်တောက် ခုံ  ကစားဖို့ အသစ်တည်ဆောက်ထားတဲ့ အပန်းဖြေစင်တာမှာ ကျနော်တို့ စုဝေးလေ့ ရှိတယ်။

နောက်တော့  ပါမောက္ခ ဒေါက်တာကျော်သက် ဦးစီးတဲ့ သမိုင်းဌာန အမရာဆောင်ကို ကျနော် တို့ ရွှေ့လိုက်ရတယ်။  မြန်မာစာဌာနကို ၁၉၆၆-၆၇ ခုနှစ်မှာ ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်အဖြစ် စတင်ဖွဲ့စည်း ဖို့ တောင်ငူဆောင်ကို ပြောင်းရွှေ့နေရာချထားပါတယ်။  ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆုံရပ်ဟာလည်း အပန်းဖြေစင်တာကနေပြီး ဦးချစ်ဆိုင်ကို ပြောင်းခဲ့ရပါတယ်။ ၁၉၆၈ လောက်က ဦးချစ်ကဖေးမှာ ကိုသာနိုးကို ထမဆုံးတွေ့ ခဲ့ရတယ်လို့ ထင်ပါတယ်။ သူ့ကို မန္တလေးက ကျောင်းသား တက်ကြွလှုပ်ရှား သူ‌ဟောင်းလို့ သိရပါတယ်။ ကဗျာဆရာတင်မိုးကတော့ ဦးဝန် လက်အောက် ဘာသာပြန်ဌာနမှာ အလုပ်လုပ်နေပါပြီ။ ငြိမ်းကျော်ကတော့  ပထမနှစ်မြန်မာစာ အဓိက ကျောင်းသား ဖြစ်ပေမဲ့ တက္ကသိုလ်ဆရာတွေနဲ့ ပေါင်းသင်းမိတ်‌ဆွေဖွဲ့တာ များပါတယ်။  ကျော်စွာ (ချစ်ဦးညို) က ဒုတိယနှစ် ဒဿနိက ကျောင်းသား ကိုယ်ပိုင်လှုပ်ရှားမှုတွေနဲ့ အလုပ်များနေခဲ့တယ်။ ကိုဆန်းလွင်က ကျနော်နဲ့ အတန်းဖော်၊ ဒဿနိကဘာသာရပ် ဂုဏ်ထူးထွက်လို့၊ ၁၉၆၂ ခုနှစ် ဒဿနိကဗေဒဌာနမှာ ကျနော့်လို ပဲ  နည်းပြဆရာ ‌ဖြစ်လာခဲ့ပါတယ်။

ကျနော်တို့ထဲက တချို့ နိုင်ငံခြားမှာ နိုင်ငံတော်ပညာသင်ဆု အတွက်လျာထား ခံရပါတယ်။ ကျနော်က အရှေ့တိုင်းသမိုင်းဘာသာ‌ လေ့လာဖို့ အတွက် ဂျပန်နိုင်ငံ။ ဇော်မြင့်ကို ရုရှအတွက် လျာ ထားပါတယ်။ ဆန်းလွင်က ဟန်ဂေရီ ၊ ကိုထွန်းမြင့် (တက္ကသိုလ်မင်းမော်) လန်ဒန်တက္ကသိုလ် အတွက်၊ ဇော်မြင့်က ရုရှဘာသာသင်တန်းကို လအနည်းငယ် တက်ခဲ့ပါတယ်။

စိတ်မကောင်းစရာပါပဲ ကျနော်နဲ့ ကိုထွန်းမြင့်သာ  နိုင်ငံခြားပညာသင်ဆုကို အကောင်အထည် ဖော်နိုင်ပါတယ်။ ၁၉၇၀ ခုနှစ် ဝန်းကျင်လောက်က တစ်ရက်မှာ ကိုသာနိုးက ကိုတင်မိုး ရုံးခန်းမှာ စာမူ တည်းဖြတ်နေတာ တွေ့တယ်။ ကိုထွန်းမြင့်ရေးတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ပြင်‌ပေးနေရတယ်လို့ ကိုသာနိုးက ကျနော့်ကို ပြောပြတယ်၊ တင်ပြချက်က  လေကြောရှည်လွန်းတယ်။ လန်ဒန်တက္ကသိုလ်ကို သတ်မှတ်ချက်အနေနဲ့ ပို့ပေးရာမှာ ဖြစ်တယ်။

၁၉၇၇ ခုနှစ် ဂျပန်က ပြန်ရောက်တော့ ကိုထွန်းမြင့်နဲ့ ကိုသာနိုးတို့ ရန်ဖြစ်တာကို ကိုယ်တိုင်တွေ့ ခဲ့ပါတယ် ။ ဒီလို စကားများရန်ဖြစ်တာကို ဘယ်သူ အမှားလုပ်မှန်း မသိပါဘူး။ သူတို့အားလုံးဟာ ကျနော်ရဲ့ အပေါင်းအသင်းတွေ ဖြစ်ပါတယ်။ ကျနော် သူတို့ စာတွေကိုတော့ မဖတ်ဖူးပါဘူး။ ကံကောင်းထောက်မလို့  နောက်ဆုံးမှာ သောက်ကျိုးနဲ အငြင်းပွားမှုတွေ  ဆုံးခန်းတိုင်ခဲ့ပါတယ်။

၁၉၇၇ ခုနှစ် သူ့ကို ဆူးလေ ဘုရားလမ်းပေါ် က သူ့တိုက်ခန်းမှာ နောက်ဆုံးတွေ့တော့ အပြီး အပိုင် နိုင်ငံခြားထွက်ဖို့  ကြိုးစား စည်းရုံးခဲ့ပါတယ်။ ထောင်ထွက် တက်ကြွလှုပ်ရှားသူဟောင်း တစ်ယောက်အနေနဲ့ ပတ်စပို့ မရနိုင်ဘူးလို့ သူကပြောပါတယ်။ အဲဒီခေတ်က သူလိုလူတွေကို မြန်မာစာ ကို ဦးဆောင်ဖို့ နိုင်ငံခြားတက္ကသိုလ်တချို့က ခေါ်နေခဲ့ပါတယ်။ သူကတော့ သူ့ကျောင်းသားတွေနဲ့ ပျော် နေလို့ တိုင်းပြည်က ထွက်မသွားနိုင်ပုံပါပဲ။

ကိုသာနိုးကို တကယ်လေးစားတာ တစ်ခုကတော့ သူက တခြားကျောင်းသား တက်ကြွလှုပ်ရှား သူတွေလို အစိုးရအတွက် လခစားအလုပ် မလုပ်ဘဲ သူ့ကိုယ်ပိုင် ခြေနှစ်ချောင်းပေါ် အမြဲရပ်တည်နေခဲ့ တာပါပဲ။

ကျွန်တော့်တို့ မျက်စေ့‌ အောက်က ပျောက်ကွယ်သွားပေမယ့် ကျွန်တော်တို့ရဲ့ အမှတ်တရများ ကျွန်နော်တို့ နှစ်လုံးသားထဲမှ ကိုသာနိုးကို အလွန်လွမ်းဆွတ် နေပါလိမ့်မယ်။

 

■အောင်ခင် (လန်ဒန်)

ဇူလိုင်လ ၂၂ ၊၂၀၂၂

မြန်မာပြန်  နေထက်နိုင်

ဩဂုတ် ၁၃ ၂၀၂၂ မနက်ခင်း

 

ဆရာကြီး  အောင်ခင် (လန်ဒန်) ကနေ အင်္ဂလိပ်လို အီးမေးလ်က ပေးပို့လာတဲ့ ဆရာမောင်သာနိုး အမှတ်တရစာကို ကျနော် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

ဆရာကြီးဦးအောင်ခင် ကျန်းမာ အသက်ရှည်ပါစေ။