ဂန့်ဂေါ မင်းရွာနဲ့ကန်ရွာက ပြည်သူပိုင်ပစ္စည်း တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခိုးယူနေ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာရဲစခန်းနဲ့ မြို့နယ်တောင်ပိုင်း မင်းရွာရဲစခန်းက ရဲတွေနဲ့စစ်သားတွေဟာ ကျေးရွာအတွင်းအိမ်ရှင်မရှိတဲ့အိမ်တွေထဲက သူတို့ယူချင်တဲ့ပစ္စည်းတွေကို စိတ်ကြိုက် ယူဆောင်နေကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ကန်ရွာရဲစခန်းက စစ်ကောင်စီတပ်သားတွေဟာ ရဲစခန်းအရှေ့တောင်ဘက်ရပ်ကွက်က အိမ်တစ်အိမ်ကနေ TV၊ ရေခဲသေတ္တာနဲ့ အပ်ချုပ်စက် တွေကိုစက်တင်ဘာ(၂၃)ရက်က ခိုးယူသွားတာကိုမျက်မြင်တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“(အိမ်ရှင်တွေက)သူတို့အိမ်ကိုပိတ်ပြီး တောက တဲမှာညအိပ်ပြီးနေကြတာ၊ နေ့လယ်ပိုင်းမှာ အိမ်ကိုပြန်ပြီး လူရိပ်လူယောင်လည်းလာမပြ၊ အဲ့တော့ သိတဲ့အတိုင်း ဟိုဟာတွေက ဝင်ယူသွားကြတော့တာပ” လို့ ကန်ရွာသူတစ်ဦးကပြောပါတယ်။
ဒါ့အပြင်ကန်ရွာရဲစခန်းက ရဲတွေနဲ့စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက ထင်း၊ ဆန်၊ ကြက်တွေကို သူတို့အလိုရှိတိုင်းယူဆောင်တတ်တဲ့အပြင် ရွာထဲမှာ သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်တာတွေ မကြာမကြာလုပ်လေ့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အလားတူ ဂန့်ဂေါမြို့နယ်တောင်ပိုင်း မင်းရွာရဲစခန်းကရဲနဲ့စစ်သားတွေဟာလည်း ကျေးရွာထဲက အိမ်တွေကိုမွှေနှောက်ပြီး ရွာသူရွာသားပိုင် ပစ္စည်းတွေကိုယူဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ယူနေတာ နှစ်ရက်သုံးရက်ရှိပြီလို့ ကြားတယ်။ လိုင်းကမရတော့ အတိအကျမသိရဘူး” လို့ ဂန့်ဂေါမြို့တောင်ပိုင်းဒေသခံတစ်ဦးကပြောပါတယ်။
မင်းရွာရဲစခန်းက ရဲတွေနဲ့ စစ်သားတွေဟာ အခုလ ၂၄ ရက်နဲ့၂၅ ရက်နေ့တွေမှာ ကျေးရွာတွင်းက ဆိုင်ကယ်တစ်စီး၊ ဆိုက်တွဲတစ်စီး၊ ဖုန်းနှစ်လုံး၊ ဆန်နဲ့ ပိုက်ဆံတွေကို ခိုးယူခဲ့ပြီး ဒီနေ့ မှာလည်း အိမ်တွေကိုမွှေနှောက်နေကြတယ်လို့ ဒေသခံမီဒီယာတစ်ခုဖြစ်တဲ့ ယောအလင်းတန်းကဖော်ပြထားပါတယ်။
ဂန့်ဂေါမြို့နယ်ထဲက နယ်မြေခံရဲစခန်းတွေရှိတဲ့ ကန်ရွာနဲ့မင်းရွာဟာအထက်တန်း ကျောင်းရှိတဲ့ ကျေးရွာကြီးတွေဖြစ်ပြီး ရဲစခန်းထဲက ရဲတွေနဲ့ စစ်သားတွေ ရွာထဲမှာ ရမ်းကားမူကြောင့် အထိတ်တလန့်နေထိုင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒေသခံတချို့ကတော့ အိမ်မှာမနေဘဲ ရွာအနီးဝန်းကျင် တောတွေထဲသွားရောက်နေထိုင်ကြတာမျိုးရှိပြီး အဲ့ဒီလိုအိမ်ရှင်မရှိတဲ့နေအိမ်တွေကပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစိတ်ကြိုက်ယူဆောင်နေကြတာပါ။