နအဖအစိုးရခေတ် သံအမတ်ကြီးဟောင်းနဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ဦးအုန်းသွင်နဲ့ သားမက် ဖြစ် သူတို့ကို ရန်ကုန်မြို့က နေအိမ်မှာ ပစ်ခတ်ခဲ့ပြီး နှစ်ဦးလုံးသေဆုံးခဲ့တယ်လို့ Inya Urban Force မြို့ပြပြောက် ကျားအဖွဲ့ က ထုတ်ပြန်ပါတယ်။
“ဒီနေ့ပစ်ခတ်မှုက သူ့ကိုပဲ ရည်ရွယ်တဲ့ရှင်းလင်းမှုဖြစ်ပေမယ့် သူ့ရဲ့သားမက်(အငြိမ်းစားဗိုလ်ကြီးရဲတေဇ)က မြို့ပြ ပြောက်ကျားရဲဘော်တွေကို ရန်ပြုဖို့ကြိုးစားခဲ့လို့ သူ့ကိုပါတခါတည်းရှင်းလင်းခဲ့ရပါတယ် ၊သူတို့ အိမ်မှာ တခြားမိ သားစုဝင်တွေ အများကြီးရှိပေမယ့် ကျွန်တော်တို့ဘာမှမလုပ်ခဲ့ပါဘူး”လို့ အဲ့ဒီအဖွဲ့ ပြန် ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
အငြိမ်းစားဗိုလ်ချုပ်နဲ့ သံအမတ်ဟောင်း ဦးအုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ကို ဒီနေ့နေ့ဠဘ် သုံးနာရီဝန်းကျင်မှာ လှိုင်မြို့နယ်(၁၂)ရပ်ကွက်က နေအိမ်မှာပဲ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့သိ ရပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို Inya Urban Force နဲ့ အမည်မဖော်လိုတဲ့ တခြားမြို့ပြပြောက်ကျားတပ်ဖွဲ့တခုတို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
စစ်အုပ်စုဘက်က လူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဦးအုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ဟာ အပြင်ကပြန်လာပြီး အိမ်တံခါးဖွင့်နေချိန်မှာ သေနတ်သမားတွေက ကားပေါ်ကနေ ပစ်ခတ်သွားလို့ နှစ်ဦးလုံး နေရာမှာပဲ သေဆုံးခဲ့ တယ်လို့ ဖော်ပြကြပါတယ်။
သေဆုံးခဲ့တဲ့ သံအမတ်ကြီးဟောင်း ဦးအုန်းသွင်ဟာ အငြိမ်းစား စစ်အရှိဟောင်းတဦးဖြစ်ပေမယ့် လက်ရှိအာဏာ သိမ်းမှုအတွက် တွန်းအားပေးခဲ့သူတဦးဖြစ်ပြီး၊စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံသူတဦးလည်းဖြစ်တယ်လို့ Inya Urban Force အဖွဲ့က ဆိုပါတယ်။
“ရန်ကုန်မှာလုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဒီလ်ိုအကြမ်းဖက်စစ်တပ်ရဲ့ထောက်တိုင်ကြီးကိုရှင်းလင်းနိုင်တာ ဒါပထမဆုံးလို့ပြောလို့ရမယ်ထင်တယ်၊ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ အများကြီးရှိပေမယ့်အခုအကြမ်းဖက် စစ် တပ်ရဲ့ ထောက်တိုင်မဖြစ်နေရင် ကျွန်တော်တို့ကဘာမှလုပ်စရာမရှိဘူး”လို့ အဲ့ဒီအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဦးအုန်းသွင်ဟာ သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊တောင်အာဖရိကနဲ့ မော်လ်ဒိုက်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကပြော ပါတယ်။