တာမွေကြီး(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

Photo. FLA
တာမွေမြို့နယ်၊အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်၊၁၆၅လမ်းထောင့်ကတာမွေကြီး(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Freeland Attack Force (FLA) နဲ့မဟာမိတ်အဖွဲ့တွေက ဒီကနေ့စက်တင်ဘာ (၂၄) ရက် မနက်လေးနာရီဝန်းကျင်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ FLAတပ်ဖွဲ့ဝင်တစ်ဦးက DNAကိုပြောပါတယ်။
“မနက်အစောကြီး လုပ်ဖြစ်ကြတာပေါ့၊ ရုံးဖွင့်ချိန် လုပ်ရင်ဧည့်စာရင်းတိုင်တဲ့ပြည်သူတွေ ထိမှာစိုးလို့” လို့ FLAအဖွဲ့ရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။
အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးဟာစစ်ကောင်စီလက်အောက်ခံရုံးတစ်ခုဖြစ်တဲ့အပြင် ပြည်သူအပေါ် မတရား ငွေကြးကောက်ခံတာတွေရှိလို့ဖောက်ခွဲတိုက်ခိုက်တာဖြစ်တယ်လို့FLAအဖွဲ့က ဆိုပါတယ်။
” ဧည့်စာရင်းတိုင်ရင် တစ်ယောက်တသောင်း ပေးရတယ် မပေးရင် တိုင်မရဘူး၊ဥက္ကဌက သူတော် ကောင်းပုံစံနဲ့ မတောင်းဘူး၊ သူခေါ်ထားတဲ့ ရပ်ကွက်လူမိုက်ကိုတောင်းခိုင်းတာ”လို့ FLA တပ်ဖွဲ့ဝင်ကဆိုပါတယ်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရုံးအတွင်းထိခိုက် ပျက်စီးမှုတွေရှိခဲ့ပြီး တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဝင်တွေ ကတော့ ဘေးကင်းစွာနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့ FLAအဖွဲ့ကထုတ်ပြန်ပါတယ်။
Freeland Attack Force (FLA) နဲ့မဟာမိတ်အဖွဲ့တွေ ဟာ စက်တင်ဘာ (၁၄)ရက် ၊မနက်ပိုင်းက မြောက်ဥက္ကလာပအဝိုင်းမှာဖောက်ခွဲတိုက်ခိုက်ဖို့လုပ်ဆောင်ခဲ့​မေယ့် အစီအစဥ်ပျက်ခဲ့ပြီး ညပိုင်းမှာ တော့စမ်းချောင်းမြို့နယ်၊ကျွန်းတော(အလယ်)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်မရမ်းကုန်းမြို့နယ်၊သမိုင်းလမ်းဆုံက စစ်ကောင်စီရဲ့နှစ်ထပ်ဘန်ကာကိုလည်း မနေ့ကဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာလမ်းသွားလမ်းလာပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့လို့ တော်လှန်ရေး ကာလပြီး ဆုံးတဲ့အခါ ပြစ်ဒဏ်ခံယူသွားမယ်လို့ FLA အဖွဲ့က တောင်းပန်စာထုတ်ပြန်ထားပါတယ်။

Delta News

Read Previous

ရခိုင်ကတိုက်ပွဲတွေအတွက် စစ်တပ်ကလူစုဆောင်းနေလို့ ကလေးနဲ့ ဂန့်ဂေါနယ်က ပျူစောထီးတွေ ထွက်ပြေး

Read Next

သံအမတ်ဟောင်း ဦးအုန်းသွင်နဲ့ သားမက်ဖြစ်သူတို့ ရန်ကုန်မြို့ နေအိမ်အတွင်း ပစ်ခတ်ခံရပြီးသေဆုံး