ယူဂန္ဓာမှာ အီဘိုလာ ကူးစက်မှုတွေကြောင့် အသေအပျောက် ဆက်တိုက်တိုးလာ 

Photo- AFP

ယူဂန္ဓာ နိုင်ငံမှာ အီဘိုလာ ကာလဝမ်းရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း အတည်ပြုခဲ့တဲ့နောက် အသေအပျောက် ၁၁ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ကွယ်လွန်သွားတဲ့နောက် ယူဂန္ဓာ အစိုးရက ပြည်တွင်းမှာ အီဘိုလာ ကူးစက်မှုတွေ စတင်နေပြီလို့ အခုသီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် အီဘိုလာ သံသယ လူနာတွေကို ဆက်တိုက် တွေ့လာရပြီး သေဆုံးမှုတွေလည်း ပိုများလာပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အီဘိုလာ လက္ခဏာတွေနဲ့ သေဆုံးသူ ၃ ဦး တိုးလာတာကြောင့် စုစုပေါင်း အသေအပျောက်က ၁၁ ဦးထိ ရှိလာပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အီဘိုလာဟာ အာဖရိက နိုင်ငံတွေမှာ ရံဖန်ရံခါ ဖြစ်ပွားတတ်ပြီး သေနှုန်းမြင့်မားတဲ့ ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ သေဆုံးသူတွေ အားလုံးကို တိတိကျကျ ဆေးမစစ်နိုင်သေးပေမယ့် ရောဂါ လက္ခဏာတွေအရ အီဘိုလာလို့ပဲ သတ်မှတ်ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့် ရုပ်အလောင်းတွေကို ကိုင်တွယ်မှုကအစ ရောဂါ ထိန်းချုပ်ရေး အစီအမံတွေနဲ့ လုပ်ဆောင်ကြရပါတယ်။

အခုဆိုရင် အီဘိုလာ လက္ခဏာတွေနဲ့ ဆေးရုံရောက်နေတဲ့ လူနာ ၂၅ ယောက်လောက် ရှိနေသေးတယ်လို့ အရှေ့အာဖရိက ဒေသတွင်း နိုင်ငံရဲ့ အာဏာပိုင်တွေက ပြောပါတယ်။ ယူဂန္ဓာရဲ့ မူဘန်ဒီ ဒေသမှာ အီဘိုလာ ပျံ့နှံ့ ကူးစက်မှုတွေ စတင်နေပြီး တခြားဧရိယာတွေဆီ ပျံ့နှံ့မသွားအောင် ကြိုးစား ထိန်းချုပ်နေရပါတယ်။ အီဘိုလာ လူနာတွေနဲ့ ထိတွေ့မိသူ ၅၄ ယောက်လောက်ကိုလည်း တာဝန်ရှိသူတွေက သီးသန့်ခွဲပြီး Quarantine ဝင်ထားစေပါတယ်။

အီဘိုလာကြောင့် သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်အရွယ် ကလေးငယ် တစ်ယောက်လည်း ပါဝင်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ယူဂန္ဓာဟာ အီဘိုလာ ကူးစက်မှုတွေနဲ့ ၄ ကြိမ် ကြုံတွေ့ဖူးပြီး ၂၀၀၀ ပြည့်နှစ်က အပြင်းထန်ဆုံး အခြေအနေတွေမှာ လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHOက အီဘိုလာ ဗိုင်းရပ်စ် မျိုးကွဲတွေအနက် ဆူဒန်မှာ အတွေ့များပြီး ရှားပါးတဲ့ အမျိုးအစားအတွက် ကာကွယ်ဆေး ထိုးနှံမှုတွေ စတင်နေပေမယ့် ထိရောက်မှု အာနိသင်ကို တိတိကျကျ မစမ်းသပ်ရသေးဘူးလို့ ပြောပါတယ်။ အဲဒီ ကာကွယ်ဆေးဟာ ဇိုင်ရာနိုင်ငံမှာ စတင်တွေ့ရှိဖူးတဲ့ အီဘိုလာ မျိုးကွဲအတွက်တော့ အားကောင်းတဲ့ တုံ့ပြန်နိုင်စွမ်းမျိုး ရှိခဲ့ပါတယ်။

လူနာရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အရည်တွေကတဆင့် ကူးစက်လေ့ရှိတဲ့ အီဘိုလာဟာ သေနှုန်း ၂၅ ရာခိုင်နှုန်းနဲ့ ၉၀ ရာခိုင်နှုန်းကြားထိ ရှိတာကြောင့် သေနှုန်းမြင့်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ရောဂါ ဖြစ်ပွားသူတွေဟာ ဖျားနာတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ဝမ်းလျှောတာ၊ ခန္ဓာကိုယ်အနှံ့ သွေးယိုစီးတာတွေ ကြုံရလေ့ရှိပြီး ဝေဒနာ ပြင်းထန်ရင် အသက်အန္တရာယ်ပါ ကြုံရတတ်ကြောင်း သိရပါတယ်။

 

Ref: CNN