ဂန့်ဂေါ၊ မြောက်ခင်ရန်းရွာမှာ ရွာခံပျူစောထီးတွေက တရွာတည်းနေပြည်သူ ခြောက်ဆယ်ကျော်ကို ဖမ်းဆီးပြီး သတ်ဖြတ်မှုတွေလည်းရှိနေ

Photo – Social Media

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာမှာ ရွာခံ ပျူစောထီးတွေဟာ ရွာထဲက ပြည်သူခြောက်ဆယ် ကျော်လောက်ကို ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေပြီး သတ်ဖြတ်ခံရသူတွေလည်း ရှိနေတယ်လို့ ဂန့်ဂေါ မြောက်ပိုင်း ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက DNA ကိုပြောပါတယ်။

“ကိုယ့်ရွာသားချင်းကို ဘယ်လိုနှလုံးသားတွေန (နဲ့) လုပ်တာလဲမသိဘူး၊ဆေးရုံထဲမှာ လူတွေကိုပိတ်လှောင်ထားပြီး စစ်ဆေး၊သူတို့ပြောတဲ့အတိုင်းမရရင်သတ်နေတော့တာလို့” မြောက်ခင်ရန်းရွာနဲ့ခြောက်မိုင်ဝန်းကျင်အကွာမှာရှိတဲ့ မြင်သား ရွာသူတစ်ဦး ကပြောပါတယ်။
ပျူစောထီးတွေဟာ မြောက်ခင်ရန်းရွာက ပြည်သူ (၆၀) ကျော်ကိုဖမ်းဆီးထားပြီး ကိုးရက်အတွင်း ပြည်သူ (၇)ဦးအထိ သတ်ဖြတ်ပြီးပြီလို့ ယော သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီး သတ်ဖြတ်မှုတွေကို ဦးဆောင်နေသူဟာ ကလေးမြို့ ဒ.က.စ က တပ်ကြပ် ဆန်းဝင်းအောင်ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ပျူစောထီးတွေဟာ NLD ပါတီထောက်ခံတဲ့ ရွာခံပြည်သူ ကိုမောင်မောင် နဲ့မဖြူဖြူဝင်းတို့ ဇနီးမောင်နှံကိုသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“သူတို့လင်မယားက အနီပါ၊ဟိုအရင်က နိုင်ငံရေးကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ကြတာ၊ အဲ့ဒါကြောင့်သတ်ပစ် တာနေမှာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

သတ်ဖြတ်ခံရတဲ့ ကိုမောင်မောင်နဲ့မဖြူဖြူဝင်းတို့ ဇနှီးမောင်နှံမှာ ခုနစ်နှစ်အရွယ်သားတစ်ဦးနဲ့ ငါးနှစ်အရွယ်သမီး တစ်ဦးကျန်ရစ်ခဲ့တယ်လို့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပျူစောထီးတွေဟာ မြောက်ခင်ရန်းရွာ ပါရမီ ပညာရေးဘော်ဒါဆောင်က ဆရာဦးအောင်ဗိုလ်ဝင်း ကိုလည်း စက်တင်ဘာလ ၂၀ ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆိုပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်းကျေးရွာဟာ ပျူစောထီးအဖွဲ့ အင်အားကောင်းတဲ့ ကျေးရွာ တစ်ရွာ ဖြစ်လို့ ပျူစောထီးတွေလက်အောက်မှာမနေချင်တဲ့ရွာခံ ပြည်သူ သုံးရာဝန်းကျင်ကို ဒေသခံကာကွယ်ရေးတပ် တွေက အခုနှစ်မတ်လနဲ့ ဧပြီလတွေအတွင်း ကယ်ထုတ်ခဲ့ရပါတယ်။

ဒါပေမယ့် ရွာထဲကထွက်ခွာချင်တဲ့ပြည်သူတွေကို အကုန် ကယ်မထုတ်နိုင်ခဲ့လို့ လူဦးရေလေးရာဝန်းကျင်လောက် ရွာမှာကျန်ရစ်ခဲ့ပြီး ဖမ်းဆည်းချုပ်နှောင် သတ်ဖြတ်ခြင်းခံရသူတွေဟာ ဒီလေးရာထဲကဖြစ်တယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် ရရှိသမျှသတင်း အ ချက်အလက်တွေကို စုစည်းနေပြီး ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်းကျေးရွာဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေတထောင်နီးပါး လူဦးရေ (၄၅၀၀)ဝန်းကျင် လောက်နေထိုင်တဲ့ရွာကြီးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံသူအများစုရှိကာ ပြည် ခိုင်ဖြိုး ပါတီဝင် ဂန့်ဂေါအမတ်ဟောင်း ဘူးလက်လှဆွေနဲ့ နီးစပ်တဲ့ရွာအဖြစ် ဒေသခံတွေကြား လူသိများပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) အထွေထွေရွေးကောက်ပွဲမှာလည်း ဂန့်ဂေါတမြို့နယ်လုံး အတိုင်းအတာအရ NLD အမတ်တွေ နိုင်ကြပေမယ့် အဲ့ဒီရွာမှာတော့ ပြည်ခိုင်ဖြိုးပါတီဝင် အမတ်လောင်းတွေ အနိုင်ရခဲ့တယ်လို့သိရပါတယ်။