တိုက်ပွဲဖြစ်နေတဲ့ ဒီးမော့ဆို ငွေတောင်အခြေစိုက်စစ်ကောင်စီ(၁၀၂)တပ်ရင်း လက်နက်တိုက် မီး လောင်ပေါက်ကွဲ

Photo-KNDF
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ငွေတောင် အခြေစိုက်စစ်ကောင်စီတပ်ရင်း(၁၀၂)အတွင်းက လက်နက်တိုက်တခု ဒီကနေ့ မီးလောင်ပေါက် ကွဲခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။
မီးလောင်ကျွမ်းနေတဲ့ လက်နက်တိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ဖို့ ကြိုးစားကြပေမယ့် ဒေသ ကာကွယ်ရေး ပူးပေါင်းတပ်တွေက တာဝေးပစ်လက်နက်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် အဆင့်ဆင့် အဆက်မပြတ်ပေါက်ကွဲနေတာ တွေ့ရတယ်လို့ဆိုပါတယ်။
လက်နက်တိုက်မီးလောင်မှုဟာ ဒီကနေ့ နေ့လယ် တနာရီဝန်းကျင်ကနေ ညနေပိုင်းအထိ လောင်ကျွမ်း ပေါက်ကွဲ နေတာတွေ့ရပြီး စစ်ကောင်စီတပ်တွင်းက အော်ဟစ်ဆူညံသံတွေကိုလည်း ကြားနေရတယ်လို့ KNDF က ရုပ်သံ မှတ်တမ်းနဲ့အတူ ထုတ်ပြန်ပါတယ်။
လက်နက်တိုက်မီးလောင်ပေါက်ကွဲမှုဖြစ်နေတဲ့ ငွေတောင်အခြေစိုက် (၁၀၂)တပ်ရင်းနဲ့ ဒေသတွင်းကာကွယ်ရေး တပ်တွေဟာ ဒီကနေ့မနက်ပိုင်းကစပြီး ဒီးမော့ဆိုမြို့နယ်အတွင်းတိုက်ပွဲဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး KNDF တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် အဆက်အသွယ် မရရှိ သေးပါဘူး။ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းထဲမှာတော့ အကြီးအကျယ်မီးလောင်ကျွမ်းနေတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။
စစ်ကောင်စီလက်နက်တိုက် မီးလောင်ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ KNDF ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပဲ မီးရှို့လို့ စတင်လောင်ကျွမ်းတာဖြစ်နိုင်တယ်လို့ သူတို့ရဲ့အမြင်ကို ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။
ဒီမော့ဆို မြို့နယ်အတွင်းမှာ ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ KNDFက ဆို ပါတယ်။

Delta News

Read Previous

ဂန့်ဂေါ၊ မြောက်ခင်ရန်းရွာမှာ ရွာခံပျူစောထီးတွေက တရွာတည်းနေပြည်သူ ခြောက်ဆယ်ကျော်ကို ဖမ်းဆီးပြီး သတ်ဖြတ်မှုတွေလည်းရှိနေ

Read Next

ဂန့်ဂေါမြို့က ရှုံးရှီကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး ရွာခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူ