စစ်ကောင်စီရဲ့ ထောက်တိုင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

စစ်ကောင်စီရဲ့ အကျိုးစီးပွားအတွက် ထဲထဲဝင်ဝင် ထောက်ပံ့ပေးနေတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းအာဏာပိုင်တွေက အသက် ၅၃ နှစ်အရွယ် ထွန်းမင်းလတ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဘန်ကောက်မြို့တော်မှာ ထိုင်းနိုင်ငံသား ၃ ယောက်နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။ သူဟာ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု စွပ်စွဲချက်တွေနဲ့ အဖမ်းခံခဲ့ရပြီး လတ်တလောမှာတော့ ရဲတပ်ဖွဲ့က ရမန်ယူ ထိန်းသိမ်းထားဆဲလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကစ်ဆာနာ ဖာသန်နာချာရုန်က ပြောပါတယ်။ ရဲတပ်ဖွဲ့ဟာ ထွန်းမင်းလတ်ရဲ့ ဘတ်သန်း ၂၀၀ ဖိုးလောက်ရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းသိမ်းထားလိုက်ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့ဟာ တရားစီရင် စစ်ဆေးမှု မစခင်မှာ သံသယ တရားခံတွေကို ချုပ်ရက်တိုးမြှင့် ထိန်းသိမ်းထားဖို့ တရားရုံး ခွင့်ပြုချက် တောင်းခံထားတယ်လို့လည်း ကစ်ဆာနာက အတည်ပြုပါတယ်။ ထွန်းမင်းလတ်ဟာ ဟိုတယ်၊ စွမ်းအင်နဲ့ သတ္တုတူးဖော်ရေး ကဏ္ဍတွေ အပါအဝင် လုပ်ငန်းကြီး တော်တော်များများမှာ ရင်းနှီးမြှုပ်နှံထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းနှီးကျွမ်းဝင်သူ တစ်ဦး ဖြစ်ပါတယ်။ သူဟာ မြန်မာစစ်တပ်ရဲ့ လက်နက် ဝယ်ယူမှုတွေမှာလည်း ပွဲစားအဖြစ် ကြားဝင် ဆောင်ရွက်ပေးလေ့ရှိကြောင်း နီးစပ်သူ ၃ ဦးက Reuters သတင်းဌာနကို ပြောပါတယ်။

ဗြိတိန် အစိုးရဟာ စစ်ကောင်စီအတွက် လက်နက်နဲ့ ဝင်ငွေတွေ စီးဝင်မှုကို ပိတ်ပင်ဖို့ ရည်ရွယ်ချက်နဲ့ ထွန်းမင်းလတ်ပိုင် စီးပွားရေး လုပ်ငန်းတွေကို ဩဂုတ်လတုန်းက ပိတ်ဆို့ အရေးယူကြောင်း ကြေညာခဲ့ဖူးပါတယ်။ အစိုးရပိုင် ပြည်တွင်း သတင်းဌာနတွေက ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်ကို အတူယှဉ်တွဲ တွေ့မြင်ရတဲ့ ဓာတ်ပုံတချို့ ဖော်ပြဖူးပြီး တစ်ခုကတော့ ၂၀၁၉ တုန်းက ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ လက်နက်ပြပွဲမှာ ဖြစ်ပါတယ်။ အဲဒီဓာတ်ပုံမှာ မင်းအောင်လှိုင်က အမြောက်ပုံစံငယ် တစ်ခုကို ကြည့်ရှုနေပြီး ခြေနှစ်လမ်းလောက် အကွာမှာ ထွန်းမင်းလတ်က နီးနီးကပ်ကပ် ရှိနေခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေအရ ထွန်းမင်းလတ်ဟာ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးရဲ့ သားဖြစ်ပြီး သူရှယ်ယာ ပါဝင်ထားတဲ့ ကုမ္ပဏီ တစ်ခုဟာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်အတွက် ဒေါ်လာ ၇၁၅၀၀ လောက် ထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရပါတယ်။

ထွန်းမင်းလတ် အဖမ်းခံရတဲ့အပေါ် Reuters သတင်းဌာနက သူပိုင်ဆိုင်တဲ့ ကုမ္ပဏီ တချို့ဆီ ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။ ထိုင်းအစိုးရရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အာဏာပိုင်တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ အကျယ်တဝင့် မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။