ခရိုအေးရှား လူငယ်အသင်းကို ဂိုးပြတ်ရှုံးလို့ ဝေဖန်ခံနေရတဲ့ ကမ္ဘာ့ဖလားအိမ်ရှင်

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကာတာဟာ ကတိုက်ကရိုက် လူစုပြီး ယှဉ်ပြိုင်ခဲ့တဲ့ ခရိုအေးရှား လူငယ်အသင်းကို ဂိုးပြတ် ရှုံးခဲ့တာကြောင့် ဝေဖန်မှုတွေ ကြုံနေရပါတယ်။ 

စက်တင်ဘာ ၂၀ က ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲမှာ ခရိုအေးရှားဟာ အသက် ၂၃ နှစ်အောက် လူငယ်အသင်းရဲ့ ကစားသမား အများစုကို အသုံးပြုခဲ့ပြီး ကမ္ဘာ့ဖလား အိမ်ရှင်တွေအပေါ် သက်တောင့်သက်သာ အနိုင်ယူသွားခဲ့တာပါ။ ခရိုအေးရှားအတွက် တက်လစ်နဲ့ မီထရိုဗစ်တို့က စောစောစီးစီး ဦးဆောင်ဂိုးတွေ သွင်းခဲ့ပြီး ပွဲပြီးခါနီးမှာ ကူလန်နိုဗစ်က တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ 

ခရိုအေးရှား အသင်းဟာ ဥရောပ အခြေစိုက် စီနီယာ ဘောလုံးကြယ်ပွင့်တွေကို ချန်လှပ်ပြီး ပြည်တွင်း အခြေစိုက် ကစားသမားတွေ၊ အသက် ၂၃ နှစ်အောက်နဲ့ ၂၁ နှစ်အောက် အသင်းက လူငယ်တွေကို ပွဲထုတ်သွားခဲ့တာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး မစတင်ခင် ၂ လလောက်သာ လိုတော့တဲ့ အချိန်မှာ ဒီလိုရလဒ်မျိုး ကြုံရတာက ကာတာ အသင်း နည်းပြ ဖီးလစ် ဆန်းချက်ဇ် အတွက်တော့ မျက်နှာ ပျက်စရာပါပဲ။ 

ကာတာအသင်းဟာ ပြိုင်ပွဲအကြို ပြင်ဆင်မှုတွေ အနေနဲ့ ဩစတြီးယား နိုင်ငံမှာ သွားရောက် လေ့ကျင့်နေပြီး ဘိုလီးဗီးယားနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်သွားတဲ့အတွက် ကမန်းကတမ်း လူစုလိုက်ရတဲ့ ခရိုအေးရှား လူငယ်အသင်းနဲ့ အစားထိုး ကစားပြီး ရှုံးသွားခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် ကာတာ ဘောလုံးပရိသတ်တွေကြား လက်ရွေးစင် အသင်းရဲ့ အရည်အသွေးအပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ ကျယ်လောင်လာပါတယ်။ 

ကာတာဟာ ကနေဒါ၊ ချီလီတို့နဲ့လည်း ခြေစမ်းပွဲတွေ ဆက်တိုက် ကစားဖို့ စီစဉ်ထားပြီး အဲဒီပွဲတွေမှာ ရလဒ် အထိုက်အလျောက် တိုးတက်လာမှသာ ပရိသတ် ဖိအားတွေကနေ ရုန်းထွက်နိုင်တော့မှာပါ။ အဲဒီနှစ်ပွဲဟာ ကာတာရဲ့ ကမ္ဘာ့ဖလားအကြို ပြင်ဆင်တဲ့ နောက်ဆုံး ခြေသွေးပွဲတွေလည်း ဖြစ်လာနိုင်ပါတယ်။ 

ကာတာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၀ မှာ အီကွေဒေါနဲ့ ယှဉ်ပြိုင်ရမှာပါ။ အုပ်စု A မှာ ကာတာ၊ အီကွေဒေါ၊ ဆီနီဂေါနဲ့ နယ်သာလန် အသင်းတွေ အတူ ကျရောက်နေပါတယ်။ ကာတာ အနေနဲ့ အိမ်ကွင်း ပရိသတ်​ ရှေ့မှောက်မှာ အကြီးအကျယ် အရှက်မကွဲချင်ရင်တော့ အသင်းရဲ့ အားနည်းချက်တွေကို အချိန်တိုအတွင်း ပြင်ဆင်နိုင်အောင် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။