Instagram ပေါ်မှာ ဩဇာ အလွှမ်းမိုးနိုင်ဆုံး ဘောလုံးသမားများ

Instagramပေါ်မှာ ဩဇာလွှမ်းမိုးမှု အရှိဆုံး ဘောလုံးကြယ်ပွင့်တွေ စာရင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဦးဆောင်နေခဲ့ပါတယ်။ 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူးတွေဟာ လီယွန်နယ်မက်ဆီ၊ နေမာနဲ့ ကီလီယန် အမ်ဘက်ပေတို့လို ပြိုင်ဘက်တွေကို ကျော်လွန်ပြီး အခုလို သတ်မှတ် ခံခဲ့ရတာပါ။ ရော်နယ်လ်ဒိုဟာ Instagramမှာ Followerပေါင်း သန်း ၄၈၀ လောက် ပိုင်ဆိုင်ထားပြီး မနှစ်ကနဲ့ယှဉ်ရင် ၄၈ ရာခိုင်နှုန်း တိုးပွားလာပါတယ်။ 

Instagramပေါ် သူတင်လိုက်တဲ့ ပို့စ်တစ်ခုချင်းစီကို တန်ကြေးတွက်ချက်ကြည့်ရင် ဒေါ်လာ ၃.၆ သန်း နီးပါးလောက်ထိ ရှိတယ်လို့လည်း စစ်တမ်း အဖွဲ့တစ်ခုဖြစ်တဲ့ Nielsen Sportsက ထုတ်ပြန်ပါတယ်။ ဒုတိယ နေရာမှာတော့ သူ့ရဲ့ အစဉ်အလာပြိုင်ဘက် မက်ဆီက Follower ပေါင်း သန်း ၃၆၀ လောက်နဲ့ ရပ်တည်နေပြီး ပို့စ်တစ်ခုချင်း တန်ဖိုးက ဒေါ်လာ ၂.၆ သန်းကျော် ရှိနေပါတယ်။ 

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့နောက်မှာ နေမာ၊ အမ်ဘက်ပေ၊ ဗင်နစ်ရှပ်စ် ဂျူနီယာ၊ ကာရင် ဘန်ဇီမာ၊ ပေါ်လို ဒီဘာလာ၊ အန်ဂိုလို ကန်တေး၊ ပေါလ်ပေါ့ဂ်ဘာ၊ ဆာဂျီယို ရာမို့စ်တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ တစ်နည်းအားဖြင့် ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပီအက်စ်ဂျီက ၄ ယောက်ထိ ပါဝင်နေတဲ့ သဘောပါပဲ။ 

အင်္ဂလန် ကစားသမားတွေထဲမှာတော့ ရော်နယ်လ်ဒိုရဲ့ ယူနိုက်တက် အသင်းဖော် ဂျေဒန်ဆန်ချိုက နံပါတ် ၁ နေရာကို ရယူထားပြီး Followerပေါင်း ၈.၉ သန်း ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ မနှစ်ကနဲ့ ယှဉ်ရင် ၂၁ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။ 

လူသစ်တန်း ကစားသမားတွေထဲမှာ ပရိသတ်ဦးရေ တဟုန်ထိုး တိုးလာတာက ဘာစီလိုနာရဲ့ ဆယ်ကျော်သက်လေး ဂါဗီပါ။ အခုအခါ သူ့ရဲ့ Follower ဦးရေက ၆.၂ သန်း ရှိနေပြီး တစ်နှစ်အတွင်း ၅၁၆၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းပါပဲ။ အာဆင်နယ် ဂိုးသမား အေရွန် ရမ်းစ်ဒေးလ် ဆိုရင်လည်း ၁ နှစ်အတွင်း Follower ဦးရေ ၉၂၀ ရာခိုင်နှုန်း ထိုးတက်လာတယ်လို့ သိရပါတယ်။