
ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်တွေကို ထိပ်တိုက်ရင်မဆိုင်တော့ဘဲ ပြည်သူတွေ ကိုသာပစ်မှတ်ထားစစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ခေါင်းဆောင်တချို့က DNA ကို ပြောပါတယ်။
“သူတို့က တိုက်ရမယ့်ဟာတွေဆို ရှောင်တယ်၊သူတို့ထက် ကျနော်တို့က အင်အား အများကြီးသာတာကိုး၊ သူတို့ အင်အားကို အထိအခိုက်မခံတော့ဘူး၊ပြည်သူတွေကို အနည်းဆုံး ဆယ့်ငါးယောက်၊အယောက်နှစ်ဆယ် လောက် အမြဲဖမ်းထားပြီး ထမင်းချက်၊ ကျည်သယ်၊ ဓားစာခံလုပ်ခိုင်းတယ်၊သူတို့ပိုင်တဲ့နေရာကျမှတိုက်မယ်ဆိုတဲ့သ ဘောမျိုး” လို့ PDF ဂန့်ဂေါတောင်ပိုင်း ခေါင်းဆောင် ကိုဝေလေးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းလာရင်ပြည်သူတွေရှောင်ကြပေမယ့် ပစ္စည်းကျန်လို့ ရွာကိုသွားယူတဲ့သူတွေ၊ ကျွဲနွားသွား ကြည့်တဲ့သူတွေဟာ စစ်ကြောင်းနဲ့တွေ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံကြရတယ်လို့သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းလာရင် ပြည်သူတွေကို လွတ်ရာရှောင်ကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေက သတိပေး ထားတဲ့အပြင် ဆိုင်ကယ်တွေကားတွေနဲ့ အကြိုအပို့လုပ်ပေးနေတာလည်းရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူတွေရှိနေတာဖြစ်ပါတယ်။
“မနေ့ကလည်း ညောင်လယ်ရွာက ပြည်သူနှစ်ယောက်ပါသွားတယ်၊သူတို့က ရွာကပြည်သူတွေ စိတ်ဓာတ်ကျ အောင်လုပ်နေတာ၊ကျွန်တော်တို့နဲ့ရန်တိုက်တာပေါ့၊သူတို့ကို လုပ်တဲ့ရွာဆို မီးရှို့မယ်၊မလုပ်ရင် မီးမရှို့ဘူး၊ ဒီလို ချိန်းခြောက်စည်းရုံးနေတာ” လို့ ဂန့်ဂေါခရိုင် အမှတ် (၁၁) တပ်ရင်းမှူး ကိုသားကိုပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူတွေကို သူတို့ကြားထဲမှာ ညှပ်ပြီးခေါ်သွားလေ့ရှိတာကြောင့် တိုက်ခိုက်ရေး အစီအစဉ်တွေ အများအပြားပျက်စီးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကဆိုပါတယ်။ဒီအခက်အခဲကို ကျော် လွှားနိုင်ဖို့ ကြိုတင်စီမံမှုတွေလည်း လုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။