NUG/ NUCC ဖြေးဖြေနှေးနှေး အေးအေးဆေးဆေးပဲလား

 
“NUG/ NUCC ဖြေးဖြေးနှေးနှေး အေးအေးဆေးဆေးပဲလား။ လူများပြီးတော့ ပွဲမစည် NUCC NUCC”
 
ဒါတွေက စစ်မိစ္ဆာကို တော်လှန်နေတဲ့ ရန်ကုန်မြို့ပြ လူငယ်တွေရဲ့ ဆန္ဒပြပွဲမှာ ကိုင်ဆောင်ထားတဲ့ပို့စတာတွေ။
 
“ဒို့မြေပြင်က ပြည်သူ့အသံ NUG ကြားပါစေသား” ဒါက လက်နက်ကိုင်တော်လှန်ရေးနဲ့ပေါင်းစပ်ထားတဲ့ စစ်ကိုင်းတိုင်း ကနီဘက် မြေပြင်ဆန္ဒပြပွဲတွေဆီကလာတာ။ ဒါတွေဟာ လတ်တလောမြေပြင်ဆန္ဒပြပွဲတွေဆီ ကနေလာတဲ့ အသံတွေ။ အဲဒီတော့ ဒီအသံတွေဟာ ဂရုတစိုက်နဲ့အလေးထားရမယ့် အသံတွေ မဟုတ်ဘူးလား လို့ ပဏာမမေးရပါလိမ့်မယ်။ နွေဦးတော်လှန်ရေးဆိုတာလူလို ပါးစပ်နဲ့ ပြောလို့ နားမလည်နိုင်တဲ့ စစ်မိစ္ဆာတွေကို သေနတ်နဲ့ပြောမှ ဖြစ်တော့မယ်ဆိုပြီးဆုံးဖြတ်ချက်ချထားတဲ့ တော်လှန်ရေး၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ အဆုံးသတ်ဖို့ ကြိုးစားနေကြရတဲ့တော်လှန်ရေး ဖြစ်ပါတယ်။ အဲဒီတော့ ဒီတော်လှန်ရေးမှာ မြေပြင်ဆန္ဒပြတာတွေ ဆက်ရှိနေမှာ ဖြစ်သလိုလက်နက်ကိုင် တိုက်ခိုက်ရတဲ့ တော်လှန်တိုက်ပွဲတွေကလည်း တိုးသထက်တိုးနေဖို့ ကြိုးစားနေရမှာပါပဲ။ဆိုလိုတာက စစ်ရှိန်ကို မြင့်သထက်မြင့်အောင် လုပ်ကြဖို့ လိုပါတယ်။ ဒီလို ဖြစ်လာခြင်းရဲ့အကြောင်းတရားကို ဖွင့်ဆိုရှင်းပြဖို့ဆိုရင် နွေဦးတော်လှန်ရေးရဲ့ အစကို ပြန်ကောက်ရပါလိမ့်မယ်။
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖက်ဆစ်စစ်တပ်က ပြည်သူ့အာဏာကိုလုယူသိမ်းပိုက်တယ်။ အဲဒါကြောင့်ပဲ ပြည်သူတွေက လမ်းတွေပေါ် ထွက်ပြီး ပြည်သူ့အာဏာပြည်သူ့ပြန်ပေးဆိုပြီး ပါးစပ်နဲ့ တောင်းဆို ကြပါတယ်။ ၁၉၆၂ ခုနှစ်မှာတုန်းကလည်းကျောင်းသားပြည်သူတွေက ပါးစပ်နဲ့ တောင်းဆိုဖူးတယ်၊ မရဘူး။ ၁၉၇၄/၇၅/၇၆ မှာ ပါးစပ်နဲ့တောင်းဆိုဖူးတယ်၊ မရဘူး။ ၁၉၈၈ မှာ ပါးစပ်နဲ့ တောင်းဆိုဖူးတယ်၊ မရဘူး။ ၁၉၉၆/၉၈၊ ၂၀၀၇ တွေမှာပါးစပ်နဲ့ တောင်းဆိုဖူးပါတယ်၊ မရဘူး။ ပြည်သူတွေက ပါးစပ်နဲ့ တောင်းဆိုလေတိုင်း လည်းဖက်ဆစ်စစ်တပ်က သေနတ်နဲ့ ပစ်ပြီးတော့ပဲ ဖြေရှင်းမြဲဖြေရှင်းတတ်ပါတယ်။ ပါးစပ်နဲ့ တောင်းဆိုလေသမျှ သေနတ်နဲ့ ဖြေရှင်းခဲ့တာဟာ ဖက်ဆစ်စစ်တပ်အတွက်တော့ ပုံသေနည်းတစ်ခုပါပဲ။
 
အဲဒီတော့ ပြည်သူတွေမှာ အဲဒီလို အတွေ့အကြုံတွေက အများကြီး ရှိထားကြပါတယ်။ အဲဒီတော့ပါးစပ် နဲ့ ပြောနေရုံနဲ့ မရတော့ဘူး။ သေနတ်နဲ့ ပြောမှ ဖြစ်တော့မယ်ဆိုတာကို ပြည်သူတွေကဆုံးဖြတ်ချက်ချလာရ တယ်။ ဒါဟာ နှစ်ပေါင်း ၇၀ လောက် အတွေ့အကြုံအပေါ်မှာ အခြေခံထားတဲ့ပြည်သူတွရဲ့ ဆုံးဖြတ်ချက်ပါပဲ။ အခုနောက်ပိုင်း တွေ့ဆုံဆွေးနွေးလို့ ရပါတယ်လို့ ဖက်ဆစ်စစ်တပ်ကအသံကောင်းဟစ်လာပေမဲ့ ဖက်ဆစ် စစ်တပ်ဟာ ယုံကြည်စရာ တစ်စက်ကလေးမှ မရှိဘူးဆိုတာပြည်သူတွေက နှစ်ပေါင်း ၇၀ အတွေ့အကြုံအရ သိနေကြပါတယ်။ နွေဦးတော်လှန်ရေးအစပိုင်းပြည်သူတွေက ပါးစပ်နဲ့ တောင်းဆိုနေတုန်းမှာပဲ အဲဒီဖက်ဆစ် စစ်တပ်ဟာ သေနတ်နဲ့ ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်းသတ်ဖြတ်တာတွေ လုပ်လာတယ်။ အဲဒီတော့ ပြည်သူ တွေအတွက်လက်နက်ကိုင်တော်လှန်ရေးမှတစ်ပါး အခြားမရှိဆိုတာဟာ ဖြစ်လာရတော့တယ်။ ဖက်ဆစ်စစ်တပ် ကသေနတ်နဲ့ ဖြေရှင်းရင် ပြည်သူကလည်း သေနတ်ရှာပြီး ဖြေရှင်းရမှာပါပဲ။ ဒါဟာ အင်မတန် ရိုးစင်းတဲ့နိယာမ သဘောတရားတစ်ခု ဖြစ်သလို ဖက်ဆစ်စစ်တပ်က နားလည်နိုင်တဲ့ တစ်ခုတည်းသောဘာသာစကားလည်း ဖြစ်ပါတယ်။
 
ဖက်ဆစ်စစ်တပ်က ပုံသေနည်း သေနတ်နဲ့ပဲ အမြဲတစေ ဖြေရှင်းတတ်လေတော့ပြည်သူတွေအတွက်က ဖက်ဆစ်စစ်တပ် ဘာပြောပြော၊ ယုံကြည်စရာ မရှိဘူးလို့ ဆုံးဖြတ်လာတယ်။အဲဒီဆုံးဖြတ်ချက်ကလည်း ပြည်သူတွေ တွေ့ကြုံထားတဲ့ နှစ် ၇၀ အတွေ့အကြုံအရ မှန်တယ်လို့ပဲပြောရမယ်။ ပြည်သူ့အာဏာကို အတင်း အဓမ္မလုယူပြီးတဲ့နောက်မှာ ဖက်ဆစ်စစ်တပ်ကရွေးကောက်ပွဲလုပ်ပေးပြီး အာဏာပြန်အပ်မယ်လို့ ပြောလာ တယ်။ ဒါကလည်း ယုံစရာမရှိဘူးဆိုတာပြည်သူတွေက အတွေ့အကြုံအရ သိပါတယ်။ ဘာဖြစ်လို့လဲ။ ၁၉၅၈ မှာ စစ်တပ်က အာဏာသိမ်းတယ်၊ဘောင်းဘီဝတ်နဲ့။ ၁၉၆၂ မှာ အာဏာထပ်သိမ်းတယ်၊ ဘောင်းဘီဝတ်နဲ့ပဲ။ ၁၉၇၄ ခုနှစ်မှာဘောင်းဘီချွတ်ပြတယ်၊ သူတို့ပဲ။ ၁၉၈၈ မှာ အာဏာထပ်သိမ်းတယ်၊ ဘောင်းဘီဝတ်နဲ့။ ၂၀၁၀ မှာဘောင်းဘီပြန်ချွတ်ပြတာကလည်း သူတို့ပါပဲ။ အခု ၂၀၂၁ မှာ အာဏာသိမ်းတယ်၊ ဘောင်းဘီဝတ်နဲ့။၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ပြီး ဘောင်းဘီပြန်ချွတ်ပြဦးမယ်လို့ ပြောနေပြန်ပါပြီ။ သူတို့ရဲ့ကမ္ဘာတည်သရွေ့ ကပြနေမယ့် ဘောင်းဘီ ဝတ်လိုက်၊ ချွတ်လိုက် ပြဇာတ်ကို ဘယ်သူ ယုံဦးမတဲ့လဲ။ ဒါကိုယုံရင် ယုံတဲ့သူက သူတို့ ဘောင်းဘီ ဝတ်ပြလိုက်၊ ဘောင်းဘီချွတ်ပြလိုက် လုပ်တာကို ကြိုက်လို့လို့ပဲပြောရမယ် ထင်ပါတယ်။ ပြည်သူတွေမှာတော့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဆိုတဲ့ ယတိပြတ်သန္နိဋ္ဌာန်ပဲရှိပါတော့တယ်။
 
ပြည်သူတွေမှာ အဲဒီလို တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိနေပေမယ့် ပြည်သူတွေကိုဦးဆောင် တယ်လို့ ထင်နေရတဲ့ NUG တို့၊ NUCC တို့မှာရော ဖက်ဆစ်စစ်တပ် အမြတ်ဖြတ်ဆိုတဲ့ယတိပြတ်သန္နိဋ္ဌာန် ရှိရဲ့ လားဆိုတဲ့ မေးစရာက တစ်နေ့တခြား တိုးလာနေပါတယ်။ သူတို့ရဲ့နောက်ကြောင်းကို ပြန်ကြည့်တဲ့အခါ စည်ပင် ရိပ်သာထဲမှာ စစ်တပ်က လာခေါ်ရင် လိုက်သွားမယ်၊ထောင်ထဲမှာ အေးအေးဆေးဆေး စာဖတ်ရတာပေါ့ဆိုပြီး ဖေ့စဘုတ်လူမှုကွန်ရက်မှာ အထုပ်အပိုးတွေဓာတ်ပုံရိုက်တင်တဲ့ အမတ်တွေ တော်တော် ရှိခဲ့တယ်။ ၉၀ ရွေးကောက်ပွဲအနိုင်ရတဲ့ အမတ်တွေရဲ့သမိုင်းအမည်းစက်ဖြစ်ခဲ့တဲ့ ဂန္ဓီခန်းမအစည်းအဝေးလို အဖြစ်မခံနိုင်တဲ့ ပြည်သူတွေက ဝိုင်းပြောကြမှလွှတ်တော်ခေါပြီး CRPH ဆိုတာ ဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာလည်း ပြည်သူ တွေကစစ်တပ်ဖွဲ့ခိုင်းတယ်၊ CRPH၊ NUG တို့က ဖက်ဒရယ်အာမီဆိုတာနဲ့ တိုင်ပတ်နေပြန်တယ်။ ပြည်သူက PDFဖွဲ့ပြီး တိုက်နေလို့ လေးငါးလကြာမှ လိုက်ပြီး ပီဒီအက်ဖ်နိုင်တယ်။ အဲဒီတော့ ပြည်သူတွေကကိုယ်ထူကိုယ်ထ လက်နက်ကိုင်ပြီး တိုက်ကြလို့ လေးငါးလကြာမှ လိုက်တိုက်နိုင်ပါတယ်။ကြာလာတာနဲ့အမျှ ပြည်သူတွေကို ဦးဆောင်ဦးရွက်ပြုရမယ့် NUG က ပြည်သူတွေကပဲ သူတို့ကို ပြန်ပြီးဦးဆောင်နေရတယ်။ ဒါပေမဲ့ ခက်နေ တာက နိုင်ငံတကာနဲ့ ဆက်ဆံဖို့ကျတော့လည်း သူတို့ကလိုအပ်နေပြန်တယ်။ အဲဒီတော့ သူတို့ဟာ ဒီနွေဦး တော်လှန်ရေးမှာ မရှိ မကောင်း၊ ရှိ မကောင်းတွေဖြစ်လာကြပါတယ်။ နွေဦးတော်လှန်ရေးဆိုတာ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ဖို့အတွက်လက်နက်ကိုင်တော်လှန်ရေးကသာ အဓိကဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။အဲဒီတော့ NUG အစိုးရဟာ တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက် ဘာလုပ်လုပ် တော်လှန်ရေးကိုပဲဦးစားပေးရမယ်။ အဓိကအားဖြင့် လက်နက်ကိုင်တော်လှန်ရေးဖြစ်ပါတယ်။ NUG အစိုးရမှာ ဘာအတွက်ဝန်ကြီးဌာနတွေ အများကြီး ဖွဲ့ထားတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အကုန်လုံး ပါဝင်ရေး(All Inclusive) မူအရမပါရပြန်ရင်လည်း ဝိုင်းပြီး အပြစ်တင်ဆဲရေးကြတာနဲ့တင် အလုပ်ကလည်းမဖြစ်ဘဲ ဖြစ်ဦး မယ်။ အကုန်လုံး ပါဝင်ပြီး ဝန်ကြီးဌာနတွေ အများကြီး ဖွဲ့ထားပြန်တော့လည်းတော်လှန်ရေးအတွက် ဝန်ထုပ် ဝန်ပိုးပဲ ဖြစ်ရပြန်ပါတယ်။ တကယ်လို့အဲဒီဝန်ကြီးဌာနတွေအကုန်လုံးကသာ လက်နက်ကိုင်တော်လှန်ရေးကို အကုန်ဝိုင်းဝန်းပံ့ပိုးကြရင်တော့လည်း ခွန်အားဖြစ်မှာ အမှန်ပါပဲ။ အခုကတော့ အဲဒီလို ဖြစ်မနေခဲ့ပါဘူး။နောက်တစ်ခုက ပြည်သူတွေကတော့ NUG ကို အားမလို အားမရဖြစ်တာက လွဲရင် ယုံမှားသံသယ သိပ်မဖြစ်ပေမယ့် တတ်သိနားလည်သူတချို့ကတော့ NUG ဟာ တော်လှန်ရေးကို ကြာနေအောင်အချိန်ဆွဲနေ သလားဆိုတဲ့ သံသယဖြစ်လာကြတာကိုလည်း တွေ့လာနေရပါတယ်။ သူတို့ ထောက်ပြတဲ့အချက်တွေထဲမှာ (၁) NUG ထဲမှာ ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ် မတိုက်လိုဘဲ အချိန်ဆွဲထားပြီးစကစနဲ့ ဆွေးနွေးချင်နေတဲ့သူတွေ ရှိနေတယ်ဆိုတာရယ်၊ (၂) ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်တိုက်လိုသူတွေထဲမှာလည်း နွေဦးတော်လှန်ရေးက မြန်မြန် ပြီးသွားလေ သူတို့ရဲ့ ဖြစ်တည်မှုက မြန်မြန်ပြီးဆုံးသွားလေမို့ အဲဒီလို ပြီးဆုံးသွားမှာ စိုးရိမ်ပြီး တော်လှန် ရေးကို အချိန်ဆွဲနေကြတာဆိုတဲ့စွပ်စွဲချက်ရယ်ကို တွေ့ရပါတယ်။ ဒီလို စွပ်စွဲချက်တွေကို NUG က ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့ ဘာမှဖြေရှင်းစရာမလိုဘူးဆိုတဲ့ ယတိပြတ်အဖြေနဲ့လည်း ပိတ်ပစ်လိုက်နိုင်ပါတယ်။တကယ်တော့ ဖက်ဆစ်စစ်တပ်ကိုသာ မြန်မြန် အမြစ်ဖြတ် တိုက်နိုင်ခဲ့ရင် NUG နဲ့ NUCC တို့ကိုပြည်သူ တွေက ထာဝရ ကျေးဇူးတင်နေကြမယ်ဆိုတာကလည်း သိပ်ကို သေချာနေပါတယ်။ ဒီလိုကျေးဇူးတင်တာ လောက်နဲ့ မကျေနပ်နိုင်လို့ တော်လှန်ရေးကို အဓွန့်ရှည်အောင် လုပ်ပြီး ခေတ်ပျက်မှာတစ်ကိုယ်ရည်ပုဂ္ဂလ နိုင်ငံရေးတည်ဆောက်လိုမှု လောဘကို အတောမသတ်နိုင်တာကတော့ဘယ်သူ့ဘယ်သူအတွက်မှ မကောင်းနိုင် ဘူးဆိုတာကို ပြည်သူတွေကရော မြေပြင်မှာတိုက်ပွဲဝင်နေသူတွေကပါ တိတိကျကျ သဘောပေါက်ထား ကြပါ တယ်။ ဒါကို NUG နဲ့ NUCC ကပုဂ္ဂိုလ်တွေလည်း သဘောပေါက်ဖို့ လိုပါတယ်။
 
နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်ပြီး ဖြစ်ပေမဲ့ မြေပြင်ကတော်လှန်ရေးအဖွဲ့တွေမှာတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအဖွဲ့တွေသည်ပင်လျှင်ကိုယ်ထူကိုယ်ထ လက်နက်တပ်ဆင်နေကြရပါတယ်။ ပြီးတော့ စစ်သင်တန်းတွေ လနဲ့ချီပြီးတော့လည်းတက်ထားပြီး၊ လက်နက်ရဖို့လည်း လနဲ့ချီကာ စောင့်ထားပြီးတော့မှ လက်နက်မရလို့စိတ်ပျက်လက်ပျက်နဲ့ အိမ်နီးချင်းနိုင်ငံထဲကို ရရာအလုပ်တွေ လုပ်ဖို့ ဝင်သွားရတဲ့ လူငယ်တွေလည်းအများကြီးပဲ ရှိနေကြပါတယ်။ ဒါတွေကို NUG ထဲက ဘယ်သူကမှ “ဒီလို ဖြစ်သွားတာဟာကျွန်တော့်မှာ/ကျွန်မမှာ တာဝန်ရှိပါတယ်”လို့ ခံယူပြီး တာဝန်ခံကြတာ မတွေ့ရပါဘူး။ CRPH ကလည်းလွှတ်တော်သဘောဖြစ်ပေမဲ့ NUG ကို စောင့်ကြည့်စစ်ဆေးတာ တွေ လုပ်တာ မတွေ့ရဘူး။အဲဒါအပြင် NUCC ကလည်း NUG ရဲ့ ဥသျှောင်အကြံပေးဖြစ်ပေမဲ့ အထက်ပါအချက်တွေကိုထောက်ပြ အကြံပေးတာမျိုးတွေ မတွေ့ရပြန်ပါဘူး။ အဲဒီတော့ မြေပြင်မှာ အသက်နဲ့ ရင်းပြီး ဆန္ဒပြနေတဲ့လူငယ်တွေက “လူများပြီးတော့ ပွဲမစည် NUCC NUCC” ဆိုပြီး စာတန်းကိုင်လာတာဟာမထူးဆန်းဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ တကယ်လည်း အဲဒီအတိုင်း ဖြစ်နေခဲ့တာပဲလေ။ NUCC မှာအဖွဲ့ပေါင်းများစွာက လူပေါင်းများစွာ ပါဝင်နေတယ်။ ဒါပေမဲ့ အဲဒီ NUCC ရဲ့ လုပ်ဆောင်ချက်တွေကဘာတွေလဲလို့ ပြစရာမရှိဘူးဖြစ်နေတယ်။ အနည်းဆုံး NUG ကို တင်းတင်းရင်းရင်း လမ်းညွှန်တာ၊အကြံပေးတာကို မလုပ်နိုင်ဘူး ဖြစ်နေပါတယ်။ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကို ပီပီပြင်ပြင် မလုပ်နိုင်ရင် အဲဒီတာဝန်ကနေ နုတ်ထွက်တဲ့သူလည်း NUG နဲ့ NUCC မှာ တစ်ယောက်မှ မရှိဘူး။ ဆိုတော့ လုပ်လည်း မလုပ်ဘူး၊နုတ်လည်း မထွက်ဘူးဆိုပြီး ဖြစ်နေ တာပါပဲ။ နောက်ဆုံး ရလဒ်က ဘယ်နှကြိမ်မြောက်အစည်းအဝေးဆိုတာတွေနဲ့ပဲ ဂုဏ်ယူဝင့်ကြွားစွာ ဓာတ်ပုံ ရိုက်ပြီး လိုင်းပေါ် တင်ရင်းအချိန်ကုန်နေကြတော့တာပါပဲ။
 
ဒီလိုတွေ ဝေဖန်တော့ လော်ဘီတွေရဲ့ ရန်ကိုလည်း ကြောက်ရပြန်ပါတယ်။ လော်ဘီတွေရဲ့ ရန်ကိုကြောက်ပြီး မဝေဖန်ကြတော့ NUG နဲ့ NUCC က လူတွေ အနေအစားချောင်ပြီး အိပဲ့အိပဲ့နဲ့ ပျင်းရိပျင်းတွဲနေနိုင် ကြပြန်တယ်။ တကယ်တော့ NUG ကို လော်ဘီတွေ သတ်နေသလားလို့တောင်သံသယဝင်စရာကောင်းပါတယ်။ ဒီလို လော်ဘီသတ်တာကို NLD လည်း ခံခဲ့ရဖူးတယ်။ ၂၀၂၀ရွေးကောက်ပွဲက တက်လာတဲ့ အမတ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲက တက်လာတဲ့ အမတ်တွေထက်ပိုပြီး စိတ်ပျက်စရာကောင်းတာကို စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုတွေ့လာရပါတယ်။ ဘာဖြစ်လို့ဒီလို ဖြစ်လာသလဲဆိုတော့ အမတ်ရွေးချယ်မှုနဲ့ ပတ်သက်လာရင် NLD ကို ဝေဖန်တာကို မကြိုက်လို့။တကယ်လို့ ဝေဖန်မိရင်လည်း လော်ဘီတွေက ဝိုင်းတိုက်ခိုက်လို့။ နောက်ဆုံး တော့ ဘယ်သူမှအပြုသဘောဆောင်ပြီးတောင် မဝေဖန်ရဲ။ အဲဒီတော့ ရလဒ်က မကောင်း။ ဒီလို ရလဒ်မကောင်း အောင်ဘယ်သူတွေ လုပ်ခဲ့သလဲဆိုတော့ လော်ဘီတွေ လုပ်ခဲ့တာပါပဲ။လော်ဘီတွေကို ကြောက်လို့ မဝေဖန်ဘဲ ထားရာကနေ ရလာတဲ့ အမတ်တွေကိုဒီနွေဦးတော်လှန်ရေး ကာလမှာ လူတော်တော်များများက တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုးဝေဖန်စရာဖြစ်လာတာကို တွေ့ရတယ်။ အကယ်၍ စစ်တပ်ကသာ အာဏာမသိမ်းခဲ့လို့ ပြည်သူတွေ
မကြိုက်တဲ့ အမတ်တွေကို NLD က အကြိမ်ကြိမ် တင်လာခဲ့မယ်ဆိုရင် NLD ဟာလည်း ပြည်သူမကြိုက်တဲ့ပါတီ ဖြစ်သွားမှာပါပဲ။ ဒီမှာ အဓိကတရားခံက လော်ဘီပဲ၊ လော်ဘီတွေကို မထိန်းနိုင်တာပဲ။ ဒါဟာလော်ဘီတွေက သတ်လိုက်တာပါပဲ။ အခုလည်း NUG ကို လော်ဘီတွေ သတ်နေသလားဆိုတာတွေးစရာဖြစ်လာနေပါတယ်။
 
ဝေဖန်ရေးတစ်ခုဟာ တော်လှန်ရေးအတွက် တွန်းအားကို ဖြစ်စေတဲ့ ဝေဖန်ရေးလား၊ ဒါမှမဟုတ်ညီညွတ်ရေးကို ပျက်ပြားစေနိုင်ပြီး တော်လှန်ရေးကို တိုက်ခိုက်စေတဲ့ ဝေဖန်ရေးမျိုးလားဆိုတာကိုပိုင်းခြား ဆန်းစစ်နိုင်မှု မရှိတဲ့ လော်ဘီတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုတွေဟာ တော်လှန်ရေးကိုပူးသတ်နေသလို ဖြစ်နေ သလားဆိုတာကိုလည်း ကောင်းကောင်း သတိပြုကြဖို့ လိုမယ် ထင်ပါတယ်။လော်ဘီတွေ သတ်နေသလားလို့ သံသယဖြစ်ရတဲ့ အဓိကအချက်တွေက
 
(၁) နွေဦးတော်လှန်ရေး ရှေ့ကို ရောက်အောင် အပြုသဘောဆောင်ပြီး ဝေဖန်တာကိုပင် လက်မခံခြင်း၊
(၂) NUG က လူတွေက အကုန် သိတယ်၊ သူတို့ လုပ်လိမ့်မယ်၊ မဝေဖန်နဲ့လို့ ပြောဆိုတတ်ခြင်း(အကုန်သိ အကုန်တတ်တယ်လို့ ထင်မြင်ပြောဆိုလာရင် အဲဒီအဖွဲ့အစည်းဟာ ပျက်စီးရာပျက်စီးကြောင်း လမ်းပေါ်ကို ရောက်နေပါပြီ၊ ဒါကို သာဓကပြရရင် မြန်မာပြည်က ဖက်ဆစ်စစ်တပ်ကိုပြရုံပါပဲ။)၊
(၃) တော်လှန်ရေးကို မြန်မြန် ပြီးစေနိုင်ဖို့ အပြုသဘောဆောင်ဝေဖန်သူတွေကို ဒလန်၊သတင်းပေးဘာညာဆိုပြီး လော်ဘီတွေက သဲသဲမဲမဲ တိုက်ခိုက်တတ်ခြင်းစတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
 
အဲဒီလို လော်ဘီတွေရဲ့ လုပ်ဆောင်ချက်တွေဟာ NUG နဲ့ NUCC ထဲက တော်လှန်ရေးကိုတော်ရိလျော်ရိ လုပ်နေတဲ့သူတွေကို အကာအကွယ်ပေးထားသလိုလည်း ဖြစ်နေပါတယ်။နွေဦးတော်လှန်ရေးအစကတည်းက CRPH နဲ့ NUG တို့ကို အပြုသဘောဆောင်ပြီး ဝေဖန်တဲ့သူတွေကိုလော်ဘီတွေက တိုက်ခိုက်တယ်။ ကောင်းရာ ကောင်းကြောင်းဖြစ်စေဖို့ အပြုသဘောဆောင်ဝေဖန်တဲ့သူတွေပဲ နောက်ကို ဆုတ်သွားရတယ်။ ဟော အခု မြေပြင်မှာ တကယ့် လက်တွေ့တိုက်ပွဲဝင်နေတဲ့ ဂျန်ဇီးတွေကိုယ်တိုင် စာတန်းကိုင်စွဲပြီး ဆန္ဒပြရာမှာ ထုတ်ဖော် ပြသလာကြရပြီ။လော်ဘီတွေ ဘယ်လို တိုက်ခိုက်ဦးမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။ လော်ဘီတွေဟာ NLD ကိုသတ်ခဲ့သလို ဒီနွေဦးတော်လှန်ရေးကိုလည်း ပူးပြီး သတ်ဦးမှာလားဆိုတာ ကိုလည်းသတိကြီးကြီးထားရပါဦးမယ်။
 
ဘာပဲ ပြောပြော၊ နွေဦးတော်လှန်ရေးကတော့ အောင်မြင်မှာ မုချ မလွဲပါပဲ။ အကြောင်းကတော့ပြည်သူတွေက ဦးဆောင်နေလို့၊ ပြည်သူတွေကိုယ်တိုင်က တိုက်နေကြလို့ပဲ ဖြစ်ပါတယ်။ အဲဒီလိုပြည်သူတွေရဲ့ တက်ကြွထက်သန်မှု၊ အားစိုက်မှုတွေကိုသာ NUG နဲ့ NUCC တို့က စိတ်အားထက်သန်စွာနဲ့စိတ်ပါလက်ပါ အားတက်သရော ဦးဆောင်ပေးနိုင်ကြမယ်ဆိုရင်တော့ ဒီနွေဦးတော်လှန်ရေးဟာ ပိုပြီးမြန်မြန် ပြီးမှာ သေချာပါ တယ်။ နွေဦးတော်လှန်ရေးက မြန်မြန်ပြီးတော့ တိုင်းပြည်ကို မြန်မြန်ပြန်တည်ဆောက်နိုင်ကြမယ် မဟုတ်ဘူး လား။ အဲဒါကြောင့် NUG ဝန်ကြီးတွေဒီဝေဖန်ပိုင်းခြားဆန်းစစ်မှုကို အမျက်အဤ တစ်စေ့မျှ မရှိစေဘဲ “တော်လှန်ရေးအဓွန့်တိုပါစေ”ဆိုတဲ့ဆောင်ပုဒ်ကိုလည်း နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်၍ လက်ကိုင်ဆောင် ထားနိုင်ကြပါစေသော်ဝ်။
 
နွေဦးလုလင်