ကိုဂျင်မီ သေဒဏ် ကွပ်မျက် ခံရမှုအပေါ် ဇနီးဖြစ်သူ မနီလာသိန်း ၏ ပြောကြားချက်

(၁) မင်းအောင်လှိုင် ဦးဆောင်သည့် နစက စစ်အုပ်စုသည် နိုင်ငံတော်အာဏာကိုမတရားသိမ်းဆည်းသည့် အချိန်မှစပြီး လူပေါင်းများစွာကို တရားမဲ့သတ်ဖြတ်ခဲ့ရာ ယခု “သေဒဏ်”ဆိုသော အပြစ်ပေးမှုသည်လည်း ဥပဒေမဲ့ မတရားသတ်ဖြတ်မှုသာဖြစ်ပြီး လူသတ်မှုပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်သည့် စစ်ရာဇဝတ်မှုဖြစ်သည်။
(၂) ကိုဂျင်မီ စတင်ဖမ်းဆီးခံရသည့်အချိန်မှစ၍ ကွပ်မျက်ခံရချိန်အထိ စစ်ကောင်စီမှမိသားစုဝင်များအား တရားဝင် အကြောင်းကြားမှု တစ်စုံတစ်ရာမရှိခဲ့ပါ။နိုင်ငံရေးအကျဉ်းသားတစ်‌ယောက်၏ ရပိုင်ခွင့်နှင့် အခွင့် အရေးများဖြစ်သော ထောင်ဝင်စာပို့ခြင်း၊လိုအပ်သော ဆေးဝါးကုသခွင့်၊ မတရားစွပ်စွဲခံထားရသော အမှုများနှင့် ပတ်သက်ပြီးရှေ့နေပါဝါအပ်နှင်းခွင့် စသည်တို့ လုံးဝ မရရှိခဲ့ပါ။ တရားခွင်သည်လည်း တံခါးပိတ် တရားခွင်သာဖြစ်ပြီး မည်သူမျှ ဝင်ရောက်ကြည့်ရှု့ခွင့် မရခဲ့ပါ။
(၃) မကွပ်မျက်မီ တစ်ရက်အလိုတွင် မိသားစုဝင်တစ်ဦးနှင့် zoom မှတစ်ဆင့် မိနစ် ၂၀ ခန့်တွေ့ခွင့်ရရှိခဲ့သော် လည်း ကွပ်မျက်မှုပြုလုပ်မည့် နေ့ရက်၊ အချိန် စသည်တို့ကို မိသားစုဝင်များအားပြောဆိုခြင်း လုံးဝ မရှိခဲ့ပါ။ ထို့အပြင် စစ်ကောင်စီသည် သေဒဏ်စီရင်ရန် အစီအစဉ် မရှိသည့်အလားဟန်ဆောင်ခဲ့သည်။
(၄) ကွပ်မျက်မှုကို ပြုလုပ်ပြီးပြီဟု စစ်တပ်ပိုင် ဝါဒဖြန့်သတင်းစာများမှ စတင်ကြေညာသည့်အချိန်မှစ၍မိသားစု ဝင်များက ကိုဂျင်မီ၏ရုပ်အလောင်းကို ပေးရန်၊ သို့မဟုတ် သေဆုံးသည့်မှတ်တမ်းမှတ်ရာတစ်ခုခုကို ပြရန် တောင်းဆိုရာတွင်လည်း တောင်းဆိုချက် အားလုံးကို ငြင်းပယ်ခဲ့သည်။
(၅) ကွပ်မျက်ခံရသူ၏ ရုပ်အလောင်း ပြန်မရခြင်းသည် သက်ဆိုင်သူမိသားစုများ၏အခွင့်အရေးချိုးဖောက်ခံရ ခြင်းဖြစ်သလို၊ ကွပ်မျက်ခံရသူ၏ လူ့အခွင့်အရေးကို သေဆုံးပြီးချိန်အထိဆက်လက်ချိုးဖောက်ခံရခြင်း ဖြစ် သည်။ ယခုအဖြစ်အပျက်သည် အကြမ်းဖက်စစ်အာဏာရှင်၏လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် လက်နက် ဖြင့် ဖိနှိပ်ခြိမ်းခြောက်ကာ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းနှင့်ကျင့်ဝတ်များအား ပြောင်ပြောင်တင်းတင်း ချိုးဖောက် သည်မှာ အထူးပေါ်လွင်သည်။
 
(၆) အကြမ်းဖက်စစ်ကောင်စီ၏ ကွပ်မျက်ခြင်းခံရသည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့၏နေအိမ်များကို ၂၇.၇.၂၀၂၂ နေ့လည်ပိုင်းအချိန်တွင် လူအင်အား (၅၀) ခန့် လူအုပ်စုတစ်စုရောက်ရှိလာပြီး ဆဲဆိုအော်ဟစ်ကာ ခဲများ၊ ကြက်ဥများဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့ပြီး ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့ကြောင့် ၎င်းတို့၏ ‌ဆွေမျိုးသားချင်းများ သေဆုံးခဲ့ရသည်ဟု ခဲဖြင့်ပစ်ပေါက်သူများက အော်ဟစ်ပြောဆိုခဲ့ကြသည်ကို ဗီဒီယို မှတ်တမ်းများတွင် တွေ့ရှိရသည်။ထိုသို့အော်ဟစ်ပြောဆိုသူများသည် ၎င်းတို့၏ဆွေမျိုးသားချင်းများ သေဆုံးခဲ့သည်ဆိုခြင်းမှာလုံးဝ မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံပါတီဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ဘာသာ ရေးအစွန်းရောက် အဖွဲ့ဝင်များ ဖြစ်သည်ကို အချက်အလက်များအရခိုင်လုံတိကျစွာ သိရှိရသည်။ယခုကဲ့သို့ အိမ်ရှေ့တွင် လာရောက်ဆဲဆိုအော်ဟစ်ပြီး ခြိမ်းခြောက်ရမ်းကားသည့် လုပ်ရပ်သည်အကြမ်းဖက် စစ်ကောင်စီ၏ အစီအစဉ်တစ်ခုသာ ဖြစ်သည်ကို မြန်မာပြည်သူတရပ်လုံးကသိရှိပြီးသတင်း မီဒီယာများနှင့် လူမှုကွန်ယက်စာမျက်နှာများတွင်လည်း အတိအလင်း ဖော်ပြလာခဲ့ကြသည်။ယခုကဲ့သို့ အရပ် သားအချင်းချင်း ပဋိပက္ခအသွင်ဆောင် ဖန်တီးယူသည့် လုပ်ရပ်များသည် အာဏာစသိမ်းစဉ်အခါကလည်းအကြမ်းဖက်စစ်ကောင်စီက အသုံးပြုခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။
 
(၇) ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ အကြမ်းဖက်စစ်အုပ်စုသည်နိုင်ငံရေးအကျဉ်းသား ၇၆ ဦးကို သေဒဏ်၊ ၄၁ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ထားသည်။လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း (၁၁၇) ဦး ရှိနေပြီဖြစ်သည်။ထို (၁၁၇) ဦးတွင် အသက်မပြည့်သေးသူ လူငယ်များ၊ တက္ကသိုလ်ကျောင်းသူများ အမျိုးသမီးများပါဝင်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤကဲ့သို့သော လူ မဆန်စွာ သတ်ဖြတ်နေသည့်လုပ်ရပ်များအပေါ်တွင် သွေးအေးမနေသင့်ဘဲ ဘက်ပေါင်းစုံမှ ထိရောက်သောဖိအားများပေးရတော့မည့်အချိန် ဖြစ်သည်။
 
(၈) နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းများ၊ အာဆီယံနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသောအဖွဲ့အစည်း များမှ သေဒဏ်စီရင်မှုကို မလုပ်ဆောင်ရန် ဖိအားအမျိုးမျိုးပေးနေသည့်ကြားမှပင်ယခုကဲ့သို့ ပြောင်ပြောင် တင်းတင်း ကျူးလွန်လိုက်သည့် လူသတ်မှုသည် ကျွန်ုပ်တို့မြန်မာပြည်သူလူထုများ၊ တော်လှန်ရေး အင်အားစု များအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကိုပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
(၉) ယခုတွင် အကြမ်းဖက်စစ်ကောင်စီမှ သေဒဏ်ချမှတ်ထားပြီးသူများကို ဆက်လက်၍ ကွပ်မျက်မည့်သတင်း များလည်း ထွက်ပေါ်နေသည့်အတွက် ကိုဂျင်မီတို့၏ ဖြစ်ရပ်များကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရန်နိုင်ငံတကာရှိ အစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ယခုထက်ပို၍ထိရောက်သော အရေးယူမှု များ ပြုလုပ်ရန် လေးနက်စွာတိုက်တွန်းအပ်ပါသည်။
 
#မနီလာသိန်း
 
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ၂.၈.၂၀၂၂။

Delta News

Read Previous

မွန်ပြည်ကာကွယ်ရေးတပ် မြောက်ပိုင်းဒေသ ဦးစီးကော်မတီ MSDF – NRC မှ တာဝန်ခံ နိုင်ကိုသူနှင့် တွေ့ဆုံခြင်း

Read Next

သမိုင်းသင်ရိုးသစ် (အိုခီ​ဆောင်း)