ပုသိမ်က ဖမ်းဆီးခံ နိုင်/ကျဥ်းတွေကို အမှုဖြေလျှော့ပေးမည်ဆိုပြီး ငွေညှစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မှာ နိုင်ငံရေး ပုဒ်အမျိုးမျိုး နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ကို အမှုဖြေလျော့ ပေးမည်ဆိုပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ အဖွဲ့ က ငွေညှစ်နေတယ်လို့ နိုင်ကျဉ်းမိသားစုဝင်အချို့က DNA ကိုပြောပါတယ် ။
“အပြစ်မရှိအပြစ်ရှာဖမ်းကြပြီး သက်သက်မဲ့အကြပ်ကိုင် ငွေညှစ်တာခံနေရတယ်။ ပေးစရာ ငွေကမရှိတော့ သားလေးကို လွတ်အောင်လို့ ငွေမပေးနိုင် ဘူးဖြစ်နေတယ်”လို့ အဖမ်းခံ ထားရတဲ့ လူငယ်တစ်ဦးရဲ့ အမေဖြစ်သူကပြောပါတယ်။
စစ်ကြောရေးစခန်း၊ရဲစခန်းအချုပ်နဲ့ ထောင်တွင်းမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားတွေရဲ့ မိသား၀င်တွေထံက သိန်း (၅၀)ကနေ ကျပ် သိန်း (၃၀၀) ကျော် အထိ ငွေညှစ် တောင်းယူနေတာ ဖြစ်ပါတယ်။
ပြစ်မှုဖြေလျှော့ စိစစ်ရေးကော်မတီမှာ ပါဝင်တဲ့ ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ ရဲအထူးသတင်း တပ်ဖွဲ့ (SB )၊အထွေထွေအုပ်ချုပ်ရေးဌာန ဦးစီးမှူး နဲ့ တရားသူကြီးတွေက ပုဒ်မအကြီး၊ အသေး ပေါ်မူတည်ပြီး ငွေ​ညှစ် တောင်း ယူနေတာလို့ သိရပါတယ်။
သူတို့ဆီမှာ အဝင်အထွက်ရှိတဲ့ လုပ်ငန်းရှင်တွေ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် အစိုးအဖွဲ့ဝင် ဟောင်းတွေ၊ ရပ်ကွက်ရာအိမ်မှူး နဲ့ မှုခင်းသတင်းထောက်တွေကို ဆက်သွယ် ညှိနှိုင်းပေးသူ အဖြစ်ထားပြီး အခုလို ငွေညှစ်တာကို လုပ်နေတယ်လို့ ဆိုပါတယ်။
လုပ်ငန်းရှင် အချို့နဲ့ ငွေကြေးတတ်နိုင်သူအချို့ဆို PDF CRPH CDMကိုထောက်ပံ့တဲ့ တိုင်ကြားစာတွေ ရှိတယ်ဆိုပြီး အကွက်ဆင် ဖမ်းဆီးပြီး ငွေညှစ် တောင်းယူကာ ပြန်လွှတ်ပေး တာမျိုးလည်း ရှိခဲ့ပါတယ်။
“အာဏာ နဲ့ လက်နက်အားကိုး ပြီးငွေရှာနေတဲ့ စစ်ကောင်စီရဲ့ ဈေးကွက်စီးပွါးရေး လုပ်ငန်းသစ်ပါပဲ။ ပြည်သူတွေကတော့ ပေခံနေရတယ်” လို့ အသက်(၆၅) နှစ်ရှိ ဒေသခံ တဦးက ပြောပါတယ်။
ပြန်လွတ်လာတဲ့ အချို့ သူတွေဟာ ထပ်ပြီးအဖမ်းခံရမှာကို စိုးရိမ်ပြီး ရပ်ဝေးတစ်နေရာကို ပြောင်းရွေ့ကာ မထင်မရှား နေထိုင်ကြရပါတယ်။
DNA က ဆက်သွယ်စုံစမ်းပြီး စာရင်းပြုစုချက်အရ ပုသိမ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဖမ်းခံ ငွေညှစ်တောင်းတာ ခံရပြီး ပြန်လွတ်လာသူတွေထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် ၊ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းရှင် နဲ့ အခြားစီးပွါးလုပ်ငန်းရှင် (၉) ဦး သာမန်ငွေကြေးတတ်နိုင်သူ (၇) ဦး နဲ့ အမျိုး သမီး (၃) ပါဝင်ကြပါတယ်။