ရေကြည်မြို့နယ် ဇရပ်လှကျေးရွာတွင် ဗုံးပေါက်

၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ရေကြည်မြို့နယ် ဇရပ်လှကျေးရွာမှာ စက်တင်ဘာလ ၈ရက်နေ့ မွန်းလွဲ ၃နာရီ ၃၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းသိန်း ခေါ် ဦးကုလားကြီးရဲ့ နေအိမ်ကို အမည်မသိသူတစ်ဦးက လာရောက်ပို့ဆောင်ခဲ့တဲ့ ပါဆယ်ထုပ် တစ်ထုပ်ကို ယူထားမိပြီး မကြာခင်မှာ ပါဆယ်ထုပ်အတွင်းကနေ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

 

ပေါက်ကွဲမှုကြောင့် ဦးမျိုးမင်းသိန်းနဲ့အတူ မိသားစုဝင်တွေပါ ပြင်းထန်စွာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးမျိုးမင်းသိန်းဟာ NLDပါတီဝင်တစ်ဦးလည်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ အုပ်ချုပ်ရေးမှူးအဖြစ်ကနေ နှုတ်ထွက်ထားသူလည်းဖြစ်ပါတယ်။

ပါဆယ်ထုပ်မှ တဆင့် ပေါက်ကွဲမှုကို အကြမ်းဖက်စစ်အုပ်စုက လက်လုပ်မိုင်းစမ်းသပ်ရာမှ ပေါက်ကွဲမှုဖြစ်တယ်လို့ စွပ်စွဲကာ ဆေးဝါးကုသမှုခံယူနေရတဲ့ ဦးမျိုးမင်းသိန်းကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။