ဧရာဝတီတိုင်း ၊ အိမ်မဲမြို့မှာ စက်တင်ဘာလ ၃ ရက်နေ့ ည ၉ နာရီကျော်က ဗုံးပေါက်ကွဲပြီးနောက် တပတ်အတွင်းမှာ NL D မြိုနယ် နာယက ဦးအောင်တင်အပါအဝင် ဒေသခံ ၄၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ အိမ်မဲမြို့ခံတဦးက DNA ကို ပြောပါတယ်။
“ပေါက်ကွဲတုန်းက အသံက အတော်ကျယ်တယ်။ လူထိခိုက်တာတော့ မရှိဘူး။ သိမ်းကျုံး ရမ်းသမ်းဖမ်းတာကတော့ အများကြီးပဲလို့” ပြောပါတယ်။
အိမ်မဲမြို့ ၊ အထက်ပိုင်းရပ်ကွက် ၊ ၇ လမ်းထိပ် ၊ ချယ်ရီလမ်းမပေါ်က EPC ရုံးရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်အပြီး လမ်းသွားလမ်းလာ လူငယ် (၁၀) ဦးခန့်ကို စတင်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ မြို့မရပ်ကွက်က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် ပေါက်ကွဲမှု အပြီး (၄) ရက်အကြာ စက်တင်ဘာလ (၇)ရက်နေ့မှာ ဒီချုပ်ပါတီရဲ့ မြို့နယ်နာယက ဦးအောင်တင်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
နောက်နေ့ တွေမှာတော့ အိမ်မဲမြို့စစ်ကောင်စီဟာ ခံဝန်နဲ့ နေတဲ့ CDM ဝန်ထမ်းတွေ၊ ၅၀၅ နဲ့ လွတ်ငြိမ်း ခံဝန် နဲ့ ထောင်က ပြန်လွတ်လာတဲ့ မြို့ခံတက်ကြွလှုပ်ရှားသူတွေ ၊ NLD ပါတီဝင် အချို့နဲ့ ပါတီဝန်းရံသူတွေ
အိမ်မဲမြို့နဲ့ ထိစပ်နေတဲ့ ဘုရားကြီးကုန်းရွာက ရွာသားသုံးဦး အပါအဝင် အခြားရွာသားတွေကိုလည်း ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။
“တက်တူးထိုးထားတဲ့ ဘုရားကြီးကုန်းရွာက လူငယ်တယောက်နဲ့ မြို့မရပ်ကွက်က လူငယ်နှစ်ယောက်ကို အိမ်မဲတပ်( ခလရ ၆၃) က အရာရှိ နဲ့ သူစစ်သားတွေက နှိပ်စက်ထားတာ မြင်ရက်စရာ မရှိဘူး”လို့ တပ်ထဲကို အဝင်အထွက်ရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၇)ရက်နေ့နဲ့ (၈)ရက်နေ့က ဖမ်းထားတဲ့သူတွေ ထဲက (၁၅) ဦးကို တဦး ငွေ (၅)သိန်းကျပ် တောင်းယူပြီး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် NLD နာယက ဦးအောင်တင် နဲ့ ကျန်သူတွေကိုတော့ ပိုက်ဆံ မပေးလို့ ပြန်မလွှတ်ပေးသေးပါဘူး။
စက်တင် (၃) ရက်နေ့ က အိမ်မဲမြို့ EPC ရုံးရှေ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုဟာ စစ်ကောင်စီကို အဓိက ငွေရှာပေးနေတဲ့ ထောက်တိုင်ထဲက တခုဖြစ်တာကြောင့် သတိပေးတဲ့အနေနဲ့ ဧရာဝတီနန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် ဆောင်ရွက်ခဲ့တာလို့ အိမ်မဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။