ရွေးကောက်ပွဲကော်မရှင်အပေါ် မလျှော်သြဇာနဲ့ စေခိုင်းခဲ့တာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို

Photo- EPA
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျှော်သြဇာနဲ့ စေခိုင်းခဲ့တာမရှိသလို တရားဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးမှာထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။
ဒါ့အပြင်ရွေးကောက်ပွဲကော်မရှင်အပေါ် လွှမ်းမိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သတ်လို့ အပြစ်မရှိဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်အချုပ်ထောင်၊အထူးတရားရုံးမှာလုပ်တဲ့ လုပ်ချိန်းမှာ ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
“တိုတိုပဲအစစ်ခံပါတယ်။သမ္မတကြီးထွက်ဆိုတဲ့အထဲမှာ အပြည့်အစုံပါပြီးသား ဖြစ်တဲ့အတွက်ကြောင့် သူတို့ မေးတဲ့ မေးခွန်းတွေကို အဓိက ထွက်ဆိုသွားပါတယ်” လို့ တရားရုံး နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရုံးချိန်းဟာ ကျင်းပပြီးစီးခဲ့တဲ့၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုပြီး ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုအစိုးရရုံးဝန်ကြီးဟောင်း ဦးမင်းသူတို့ကိုရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)နဲ့စွဲချက်တင် တရားစွဲဆိုထားတာနဲ့ပတ်သက်တဲ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်တွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအပေါ် ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက်လိုအပ်ချက်​အရ ပံ့ပိုးကူညီတဲ့အဖွဲ့ကို ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေ ဦးဆောင်မှုနဲ့ဖွဲ့စည်းစေခဲ့တာဖြစ်ပြီး ဒါဟာလည်းဥပဒေနဲ့အညီသာဆောင်ရွက်ခဲ့ခြင်း​ဖြစ်တယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်သာရှိပြီး အဲ့ဒါနဲ့ပတ်သက်လို့ တိကျစွာ ပြသထားတာမျိုးမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရုံးချိန်းမှာထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
အမှုနဲ့ပတ်သတ်ပြီး ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်ထွက်ဆိုပြီး ဖြစ်တဲ့အတွက်လာမယ့်ရုံးချိန်းမှာ ဦးမင်းသူနဲ့ဆက်စပ်သက်သေတွေကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။