ရန်ကုန်၊ စမ်းချောင်းက ကျောင်းတချို့မှာ သတိပေးစာကပ်ထားတာကြောင့် ကလေးတွေကို ပြန်ခေါ်နေ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်က ကျောင်းတချို့မှာ ကျောင်းမတက်ဖို့သတိပေးစာ ကပ်ထားတာကြောင့် ဒီကနေ့ ဇွန် ၂၉ ရက်မနက်ပိုင်းက ကျောင်းသား၊ကျောင်းသူတွေကို ကျောင်းသားမိဘတွေက ကျောင်းကနေ ပြန်လာခေါ်နေကြတယ်လို့ စမ်းချောင်းမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက DNA ကိုပြောပါတယ်။
လက်ရှိမှာ စမ်းချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ကျောင်းအသီးသီးကနေ ကျောင်းသားမိဘတွေက သူတို့ရဲ့ကလေးတွေကို ပြန်ခေါ်နေကြတာလို့ အဲ့ဒိ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု ကျောင်းသားမိဘတွေလည်း ကလေးတွေကိုစိုးရိမ်ပြီး ကျောင်းတွေကနေ ပြန်လာခေါ်နေကြတယ်။ဒီ မှာဖွင့်ထားတဲ့ကျောင်းတိုင်းလိုလိုပဲ ပြန်လာခေါ်နေကြတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စမ်းချောင်းမြို့နယ်အတွင်း ဇွန် ၂၈ရက်နေ့ညပိုင်းက အကြမ်းဖက်စစ်အုပ်စုဖွင့်ထားတဲ့ ကျောင်းတချို့မှာ သတိပေးစာကို ကပ်ထားတာ​ကြောင့် ကလေးတွေတစ်စုံတခုဖြစ်မှာစိုးရိမ်တာကြောင့် ကျောင်းကနေ ပြန်ခေါ်တာလို့ ကျောင်းသားမိဘတစ်ဦးက DNA ကိုပြောပါတယ်။
“စာကပ်တာက မနေ့ညနေပိုင်းလောက်ကပ်တာလို့တော့သိတယ်။ကျောင်းတွကအများကြီးဆိုတော့ ဘယ်ကျောင်းမှာကပ်တာလဲအတိအကျမသိဘူး။ဒီမနက်အဲ့သတိပေးစာကပ်ထားတယ်ဆိုတဲ့ အသံတွေကြားလို့ ကျွန်မတို့လည်း ကလေးတွေကိုစိတ်ပူလို့ ပြန်ခေါ်လာတာ။။ဒါပေမယ့်လည်း ကိုယ်တွေကလက်လုပ်လက်စား တွေဆိုတော့ ကလေးပညာရေးအတွက်ထားရတာပေါ့။အပြင်ကျောင်းတွေလည်းမထားနိုင်ဘူးလေ။တော်ပါပြီ မထားတော့ဘူး။ကလေးတွေတစ်ခုခုဖြစ်ရင်ကိုယ်တွေပဲ ရင်ကျိုးရမှာ”လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။
အခုလိုကျောင်းမတက်ဖို့အသိပေးစာကပ်ထားတာကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာမျိုး ထုတ်ပြန်တာ မရှိပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ စာသင်ကျောင်းတွေကို ပသ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်တာတွေရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပညာရေးဝန်ကြီးဌာနကတော့ ကလေးတွေပညာသင်ကြားနိုင်ရေးအတွက် Onlineစနစ်သင်ကြားရေးအစီအစဥ်တွေလုပ်ဆောင်ပြီး ကျောင်းအပ်လက်ခံတာတွေ ကိုလုပ်နေဆောင် နေပါတယ်။
ဒါပေမယ့် တချို့ကျောင်းသားမိဘတွေဟာ လက်လုပ်လက်စားအခြေအနေတွေကြောင့် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ပညာရေးဝန်ကြီးဌာနကဖွင့်တဲ့ Onlineစနစ်ပညာသင်ကြားရေးအစီအစဥ်မှာ Onlineစနစ်ကို ကောင်းမွန်စွ ာအသုံးမပြုတက်တာ၊အင်တာနက်အတွက်ကုန်ကျစာရိတ်နဲ့ပညာသင်ကြားအတွက်သင့်တော်မယ့် ဖုန်း၊တက်ပလပ်တွေဝယ်ယူနိုင်ခြင်းမရှိတဲ့ အခက်အခဲတချို့ရှိနေတယ်လို့ ဒေသခံတွေဆီက​သိရပါတယ်။