ဒဂုံဆိပ်ကမ်းပေါက်ကွဲမှု အဖမ်းခံရတဲ့လူငယ် ကျဆုံးခြင်းမရှိဘူးလို့ နီးစပ်သူ​ပြော

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်၊ A ၁၀ လမ်း၊ တိုက်အမှတ် ၁၆ မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဖမ်းခံခဲ့ရတဲ့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား အဖွဲ့ဝင်လူငယ် ကျဆုံးခြင်းမရှိဘူးလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား အဖွဲ့ဝင်လူငယ်ဟာ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောရေးကို ရောက်ရှိနေတယ်လို့ အဲ့ဒီနီးစပ်သူက ပြောပါတယ်။
“မကျပါဘူး ခုရွှေပြည်သာစစ်ကြောရေးမှာပါ”လို့ အဲ့ဒီနီးစပ်သူကပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား အဖွဲ့ဝင်လူငယ်နဲ့ပတ်သက်ပြီး လူမှူကွန်ရက်စာမျက်နှာတွေမှာ အဲ့ဒိလူငယ်ဟာ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေ ပျံ့လွင့်နေတာပါ။ နီးစပ်သူတစ်ဦးကတော့ အခုလိုသတင်းအမှားတွေကြောင့် လူငယ်ရဲ့ကျန်ခဲ့တဲ့မိသားစုကို စာနာဖို့ဆိုပါတယ်။
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဥ်မြို့တော်၊၁၀ လမ်း၊ အောက်ဘလောက်၊ တိုက်အမှတ် ၁၆ မှာ ဇွန် ၂၆ ရက် ည ၇နာရီလောက်က လက်လုပ်မိုင်းတွေ ရွှေ့ပြောင်းရာကနေ ပေါက်ကွဲမှုဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်စဥ်မှာ အဆိုပါ မြို့ပြပြောက်ကျား အဖွဲ့ဝင်လူငယ်ကို လမ်းအတွင်းနဲ့အနီးပတ်ဝန်းကျင် နေထိုင်သူတချို့ရဲ့ ဝိုင်းဝန်းဖမ်းဆီးတာကို ခံခဲ့ရတာပါ။
အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် အသက်ပေးလုပ်ဆောင်နေတဲ့ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား အဖွဲ့ဝင်လူငယ်ကို သူခိုးလို့စွပ်စွဲပြီး အကြမ်းဖက်စစ်တပ်ဆီ ဝိုင်းဝန်းဖမ်းဆီးပြီး အပ်နှံခဲ့တဲ့ဦးဆောင်သူ လေးဦးကို ရှင်းလင်းသွားမည်လို Special Ninja Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။