NUGပြည်ထောင်စုဝန်ကြီးချုပ်နဲ့အရေးကြီးတဲ့ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း ဒဲရစ်ချောလက်ပြော

Photo-PVTV
NUGပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အရေးကြီးတဲ့ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက် ကပြောကြားခဲ့ပါတယ်။
NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်တို့ဟာ ဇွန်၂၃ရက်နေ့က အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ဘယ်လိုအရေးကြီးတဲ့ အကြောင်းအရာတွေဆွေးနွေးခဲ့သလဲဆိုတာကိုတော့ နှစ်ဖက်ထုတ်ပြန်ထားခြင်းမရှိပါဘူး။
အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်မယ်လို့ NUGပြည်ထောင်စုဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက် ကပြောကြားခဲ့ပါတယ်။
ဒဲရစ်ချောလက်က ဇွန်လ ၇ ရက် နေ့ကနေ ၁၄ ရက်နေ့အထိ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်း စတဲ့ အာဆီယံနိုင်ငံတွေကို သွားရောက်ပြီးမြန်မာ့အရေးဆွေးနွေးခဲ့တာတွေအပါအဝင် မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေး အမေရိကန်အစိုးရရဲ့ အားထုတ်နေမှုတွေကို ဆွေးနွေးခဲ့ကြောင်း သူ့ရဲ့ တွစ်တာစာမျက်နှာ ကနေထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ လူ သားချင်းစာနာထောက်ထားမှုအကူအညီတွေကို နယ်စပ်ဖြတ်ကျော်နည်းလမ်းနဲ့ NUG ၊ CRPH ၊ EAO ၊ PDF စတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ကူညီပေးဖို့၊ No Air Fly Zone သတ်မှတ်ဖို့ စတာတွေကို NUGပြည်ထောင်စုဝန်ကြီးချုပ်က ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။