ဖိလစ်ပိုင်မူးယစ်ဆေးစစ်ပွဲကို ပြန်စစ်ဆေးဖို့ ကြိုးစားနေတယ်လို့ နိုင်ငံတကာပြစ်မှုဆိုင်ရာခုံရုံး ရှေ့နေချုပ်ပြော

Photo – benarnews

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုအတွင်း သတ်ဖြတ်မှုနဲ့ တခြားသံသယရှိတဲ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စုံစမ်းစစ်ဆေးတာတွေကို  ပြန်လည်စတင်ဖို့  ကြိုးပမ်းသွားမယ်လို့ နိုင်ငံတကာပြစ်မှုဆိုင်ရာခုံရုံး (ICC) ရဲ့ ရှေ့နေချုပ် Karim Khan က ဇွန်လ ၂၄ရက်နေ့မှာ ပြောပါတယ်။

ဖိလစ်ပိုင်အာဏာပိုင်တွေက ဒီသတ်ဖြတ်မှုတွေကို သူတို့ကိုယ်တိုင်စုံစမ်းမယ်လို့ ပြောကာ တောင်းဆိုခဲ့ ပြီးနောက် ICC တရားရုံးက စုံစမ်းစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ဆိုင်းငံ့ထားခဲ့တာပါ။ 

“ဖိလစ်ပိုင်က ပေးအပ်တဲ့အချက်အလက်အားလုံးနဲ့ သိသိသာသာရရှိနိုင်တဲ့တခြားအချက်အလက်တွေကို သေသေသေချာ သုံးသပ်ခဲ့ပါတယ်၊ ဖိလစ်ပိုင်ကတောင်းဆိုထားတဲ့ရွှေ့ဆိုင်းမှုဟာ အကြောင်းအရင်းခိုင်လုံမှု မရှိဘူးလို့ ကောက်ချက်ချပါတယ်၊ စုံစမ်းစစ်ဆေးမှုကို တတ်နိုင်သမျှ မြန်မြန်ပြန်စသင့်တယ်” လို့ ရှေ့နေချုပ် Karim Khan က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ် ဒူတာတေး တာဝန်ယူချိန်ကနေစပြီး ၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ တိုက်ခိုက်မှုတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ ၆,၁၁၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့အချက်အလက်တွေအရ သိရပါတယ်။

အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးသံသယရှိသူတွေကို သတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုနေပေမယ့် ရဲတွေကတော့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေက ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ဖြစ်ရတာလို့ ပြန်လည်ပြောဆိုထားပါတယ်။

ဒူတာတေးဟာ ၂၀၁၈ ခုနှစ် မတ်လမှာ ICCရဲ့အဖွဲ့ဝင်အဖြစ်ကနေ ဖိလစ်ပိုင်နိုင်ငံကို ပယ်ဖျက်ခဲ့ပေမယ့် ICC ရဲ့နုတ်ထွက်မှုယန္တရားအရ တရားရုံးဟာ နုတ်ထွက်မှုတရားဝင်ဖြစ်တဲ့ ၂၀၁၆နဲ့ ၂၀၁၉ ခုနှစ်အကြား ဖြစ်ပွားခဲ့တဲ့  ဒီအမှုအပေါ် စီရင်ပိုင်ခွင့်အာဏာကို ဆက်လက်ထားရှိရမှာဖြစ်တယ်လို့ သိရပါတယ်။