မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေကြောင့် ကလေးတွေထိခိုက်သေကျေနေမှု UNICEF သတိပေ

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေကြောင့် ထိခိုက်သေကျေရသူ သုံးပုံ တစ် ပုံကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကပြောပါတယ်။
စစ်တပ်ကစစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေကြောင့် ကလေး ၁၁၅ ဦးထက်မနည်းသေဆုံး ဒဏ်ရာရခဲ့ကြောင်း ဇွန်၂၄ရက်ကထုတ်ပြန်တဲ့ UNICEF ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေကြောင့် သေဆုံးဒဏ်ရာရတဲ့ ကလေးငယ် ၄၇ ဦးထိရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ကလေးငယ်တွေဟာပေါက်ကွဲမှုဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားရပြီး အသက်သေတာနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့တာတွေ ဖြစ်နိုင်ခြေပိုများတဲ့အတွက် သက်ဆိုင်သူတွေ အနေနဲ့ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းကြဖို့UNICEFက တိုက်တွန်းထားပါတယ်။
ပဋိပက္ခတွေပေါ်ပေါက်တဲ့အချိန်အတွင်း ထိခိုက်မှုအများအဆုံးနဲ့ ကြုံတွေ့ရတာကလေးငယ်တွေဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။