တမူးမြို့၊ ရန်လင်းဖိုင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် ရွာသား သုံးဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးမြို့ ၊ ရန်လင်းဖိုင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ရွာသား ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
ကနဦးဖြစ်စဉ်မှာ ဇွန် ၂၃ရက်က အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ ကလေးမြို့ဘက်ကနေ တမူးဘက်ကို ဆိုင်ကယ်စီးလာတဲ့ လူသုံးဦးကို တားဆီးခဲ့ပြီး အနောက်ကနေသေနတ်နဲ့ ချိန်ကာ ရန်လင်းဖိုင်ရွာကို မီးရှို့ဖို့ ခြိမ်းခြောက်ခိုင်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“စစ်သားတွေကနောက်ကနေ သေနတ်နဲ့ချိန်ပြီး ရှို့ခိုင်းတော့ သူတို့လည်းဘယ်လိုမှ မတတ်သာလို့ ရှို့ ပေးခဲ့ရတယ် ပြောတယ်ဗျ” တမူးဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ခြိမ်းခြောက်ခိုင်းစေမီးရှို့မူကြောင့် ရန်လင်းဖိုင်ရွာက နေအိမ်လေးလုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ရွာထဲခဏ​ ​ပြန်ဝင်လာတဲ့ ရန်လင်းဖိုင်ရွာသား နှစ်ဦးနဲ့ ခေါ်မွန်းနွမ် ရွာသားတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တာပါ။
ဖမ်းဆီးသွားတဲ့ ရွာသားသုံးဦးရဲ့အလောင်းတွေကိုတော့ ဒီကနေ့ ဇွန် ၂၄ရက်နေ့၊မနက်ပိုင်းက နမွန်းတားရွာနားမှာ သေနတ်ဒဏ်ရာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ရွာသားသုံးဦးဟာ မောင်ပေါင်တင်း၊ ဦးဟောင်လင်မန်နဲ့ ဦးဆေးခိုထန်တို့ ဖြစ်ကြပြီး အလောင်းတွေကိုတော့ နေ့လည်ပိုင်းက ချက်ချင်းမြေမြုပ်သဂြိုလ်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဇွန်လ ၂၂ ရက်နေ့ကလည်း ကလေးမြို့ဘက်ကနေ တမူးဘက်ကို သွားတဲ့ စစ်ယာဉ်တန်းဟာ အိမ်စီးကားတွေနဲ့၊ ခရီးသည်ကားတွေကို အကာအကွယ်အဖြစ်အသုံးပြုခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။
“သူတို့ယာဥ်တန်းကို ကျော်တက်မခံဘူးဗျ။ သူတို့ယဥ်တန်းကြားမှာ ကျနော်တို့ပြည်သူကားတွေကို နှစ်စီးစီညှပ်ပြီး မောင်းခဲ့ရတာ။သူတို့ ရပ်နားတဲ့ ကျွန်းတောရေရှင်ကျမှ ကျွန်တော်တို့တွေ ဆက်မောင်းခဲ့ရတာ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကားသမားတစ်ဦးကပြောပါတယ်။