PDF မဟာမိတ်တပ်ပေါင်းစုတွေရဲ့ စွန်ရဲစစ်ဆင်ရေးမှာ စစ်အုပ်စုနဲ့ ပျူစောထီး ၂၅ဦးသေ

မကွေးတိုင်းဒေသကြီး၊ တမူးမြို့မှာ ဇွန် ၂၂ရက် က ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးအဖွဲ့တွေကို ဝင်ရောက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်တပ်ဘက်က ၂၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
တမူးမြို့ ၊ ပန်းသာကျေးရွာမှာရှိနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက စွန်ရဲစစ်ဆင်ရေးနာမည်နဲ့ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဟာ ဇွန် ၂၂ရက် မနက် ၁၀နာရီခွဲကနေ ညနေ ၄နာရီ မိနစ် ၂၀လောက်အထိ အချိန်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတွေဘက်က ၂၅ဦးသေဆုံးခဲ့တဲ့အပြင် အများအပြားဒဏ်ရာပြီး မန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုဘက်က ရဲဘော်၅ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလို စွန်ရဲစစ်ဆင်ရေးလို့ နာမည်ပေးတာဟာ မနှစ်က ပန်းသာ‌ကျေးရွာမှာ ပျုစောထီးတွေရဲ့ပစ်ခတ်မှု‌ကြောင့် ကျဆုံးသွားတဲ့ ရဲဘော် စွန်ရဲ (တော်လှန်ရေးအမည်) ကို ဂုဏ်ပြုတာနဲ့ ပွင့်ဖြူမှာ ကျဆုံးသွားသော ညီနောင်ရဲဘော်တွေအတွက် လက်စားချေလိုတာကြောင့် အခုလို နာမည်ပေးတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၂) ၊ တပ်ရင်း (၃) နဲ့ Special Task Force အဖွဲ့ဝင်တွေက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၄)ကလည်း ဖြတ်တောက်တာဝန်ကိုယူခဲ့တယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ- PDF (တမူး) တပ်ရင်း ၃