ရေစကြို ဆင်ဖြူရှင်တံတား ဂိတ်စခန်းကို PDF တွေ သိမ်းပိုက်

Photo – MYG PDF
မကွေးတိုင်း၊ ရေစကြို၊ ဆင်ဖြူရှင်တံတားဂိတ် ၊ လုံခြုံရေးစခန်းကို ဒေသခံ PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ် အဖွဲ့က သူတို့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီကနေ ၁ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရပြီး စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ် ။ ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၊ ၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး အများအပြားဟာ ထွက်ပြေးသွားတယ်လို့ ဖေါ်ပြထားပါတယ်။
စခန်းကို သိမ်းပိုက်ရာမှာ G-3 ၄ လက် ၊ အူစီ ၃ လက် ၊ခြောက်လုံးပြူး ၁ လက် နှင့် ကျည်ဆန် ၁၀၀၀ ၊ဆိုင်ကယ် ၄ စီး၊ ငွေသား သိန်းတစ်ရာ့တစ်ဆယ်၊ ဗုံးသီး ၁ လုံး သိမ်းဆည်းရမိပြီး ဂိတ်စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ရေးသားထားပါတယ်။