တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင်ပြည်သူ ၈၀၀၀ ကျော်အကူအညီတွေ လိုအပ်နေ

တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးနေရပြီး ဒီနေ့အချိန် အထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူ ၈၀၀၀ ကျော်ဟာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီ စစ်ဘေးရှောင် ပြည်သူ ၈၀၀၀ ကျော်ဟာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ သရက်ချောင်း၊ ရေဖြူ ၊ ထားဝယ်၊ ပုလော၊ တနင်္သာရီမြို့နယ်တွေက ဖြစ်ပြီး လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကလေးငယ်တွေနဲ့အမျိုးသမီးတွေအတွက် ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေအရေး အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“စစ်ရှောင်တွေအတွက် ပြည်သူတွေရဲ့ အကူအညီနဲ့ ကူညီပေးနေပေမယ့် ဒီနေ့အထိတော့ လိုအပ် ချက်တွေရှိနေဆဲပါပဲ။လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ မိုးတွင်းဆိုတော့ အမိုးအကာတွေ၊ကလေးငယ်တွေနဲ့အမျိုးသမီးတွေအတွက် ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ အကူအညီတွေလိုအပ်နေတာပေါ့။”လို့ စစ်ဘေးရှောင်ပြည်သူတွေအရေး အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။
လတ်တလောအခြေနေမှာ စစ်ရှောင်ပြည်သူတွေ ဌက်ဖျားရောဂါဖြစ်ပွားမှု များပြားနေပြီး ရာသီတုပ်ကွေးရောဂါတွေလည်း ဖြစ်ပွားနေတာကြောင့်ကျန်းမာရေးစောင့်ရှောက်ဖို့ ဆေးဝါးကျွမ်းကျင်အကူတွေနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတာပါ။
ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနအနေနဲ့ Grade 1 ကနေ Grade 11 အထိ ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက်လုပ်ဆောင်နေပေမယ့်လည်း လက်ရှိစစ်ဘေးရှောင်နေရတဲ့ကလေးငယ်တွေဟာ အဲဒီလိုပညာသင်ကြားနိုင်ဖို့အတွက်လည်း ခက်ခဲမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းထဲမှာတော့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေခဲ့တာဟာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း စက်တင်ဘာလကနေ အခုအချိန်ထိရှိနေတယ်လို့လည်း စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။
“တနင်္သာရီတိုင်းထဲမှာ ယခင်က တိုက်ပွဲတွေဆိုတာမရှိခဲ့ဘူး။ စကစ အာဏာသိမ်းပြီး ၂၀၂၁ စက်တင်ဘာ ကတည်းက တိုက်ပွဲတွေဖြစ်လာတာ ဆက်တိုက်ဘဲ။ ခုချိန်ထိလဲ တိုက်ပွဲတွေရှိနေဆဲဘဲ။” လို့စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။