ချောင်းဦး၊ ကျီပို့ကုန်းကွင်းမှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို စစ်တပ်ဖမ်းဆီး၊ လူငယ်တစ်ဦး ပစ်ခတ်ခံရပြီး ဆုံးပါး

Photo- Google
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီပို့ကုန်းကွင်းတာဘောင်ပေါ်မှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားပြီး လူငယ် ၁ ဦး ပစ်ခတ်ခံရလို့ ဆုံးပါးသွားပါတယ်။
ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနဲ့ ရွှေလှေကျေးရွာနှစ်ရွာကြားရဲ့ အရှေ့ဘက်၊ စိုက်ကွင်းတနေရာဖြစ်တဲ့ ကျီပို့ကုန်းကွင်းတာဘောင်ပေါ်တွေ့တဲ့သူတွေကို စစ်တပ်နဲ့ ပျူစောထီးတွေက ဒီနေ့မနက်ပိုင်းမှာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့သတင်းက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကွမ်းပွဲစား၊ တောင်သူနဲ့ လမ်းသွားလမ်းလာတွေပါဝင်ပြီး ဖမ်းဆီးခံလူငယ်လေးတစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်လိုက်တာပါ။
ပစ်ခတ်ခံရတဲ့လူငယ် ဘယ်ရွာကလဲဆိုတာ မသိရသေးပါဘူး။ အမြင့် – တောကျောင်းကြီးလမ်းကြောပေါ်တွင်ရှိတဲ့ ကံကြီးကုန်းရွာဟာပျူစောထီးရွာဖြစ်ပြီး အဲဒီလမ်းကြောပေါ်ရှိ ယာကြီး၊ ဝယာနဲ့ ရွှေလှေရွာတို့ကို ကံကြီးကုန်းရွာပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။