စခန်းတက်သိမ်းတဲ့စစ်တပ် PDF ထောင်ထားတဲ့ မိုင်းထိပြီးအလောင်း ၈ လောင်းထမ်း ပြန်ဆင်းလာ

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေရာကို တက်သိမ်းတဲ့ အကြမ်းဖက်စစ်တပ်ဟာ PDF ထောင်ထားတဲ့ ဆုတ်မိုင်းထိပြီး စခန်းကုန်းကနေ အလောင်း ၈ လောင်းထမ်းပြန်ဆင်းလာကြောင်း သိရပါတယ်။
ဇွန် ၄ ရက်နေ့ မနက်ပိုင်းက စစ်သား ၇၀ လောက်ပါတဲ့ ရှေ့ပြေးအဖွဲ့ဟာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF (YRPA) ၏ တပ်ရင်း (၁) ၊ တပ်ခွဲ (၂) နေရာကိုဝင်ရောက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး PDF တွေက ကြိုတင်သတင်းအရ ပစ္စည်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကာ ရဲဘော်တွေအားလုံး ကြိုတင်ရှောင်ရှားနိုင်ခဲ့သလို တပ်ခွဲဝင်ပေါက် ထွက်ပေါက်တွေမှာ မိုင်းထောင်ထားခဲ့ကြောင်း YRPA က ဒီကနေ့ထုတ်ပြန်ပါတယ်။
‘စစ်ခွေးတွေ ပိုင်ပြီဆိုပြီး စခန်းတက်သိမ်းတာပေါ့။ စခန်းမှာလူမရှိတော့ရင် မိုင်းတွေထားခဲ့မလားလို့ နည်းနည်းလေးတောင်မတွေးကြတော့ မိုင်းထိတာပါ။ နောက်တစ်ခါ စခန်းတွေဘာတွေ စွတ်မသိမ်းနဲ့လို့ သင်ခန်းစာရသွားတာပေါ့’ လို့ ကျောက်ထု ပြောက်ကျားရဲဘော်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်တပ်ဟာ အလောင်း (၈) လောင်းထမ်းကာ စခန်းကုန်းက ဆင်းလာတာ တွေ့မြင်ခဲ့ရပြီး ဒီနေ့မနက်ပိုင်းမှာ ခြောက်လှန့်ပစ်ခတ်ကာ နောက်ကြောင်းပြန်လှည့်နေကြောင်း တောတွင်းပုန်းအောင်းနေတဲ့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရတယ်လို့ YRPA က ဆိုပါတယ်။
အကြမ်းဖက်တပ်ဟာ ဇွန် ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ စင်းစယ်ရွာက အိမ် ၄ လုံး၊ ရေပုတ်ရွာကအိမ် ၁၁ လုံး၊ ညောင်လယ်ရွာကအိမ် ၃ လုံး၊ ခေါင်းတုံရွာက အိမ် ၁၀၀၊ မဲရွာကအိမ် ၄ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် ညောင်လည်ရွာသား ၇ ဦးနဲ့ ခေါင်းတုံရွာစား (မသန်စွမ်းသူအပါအဝင်) ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်တပ် ယာဉ်တန်းဟာ ဂန့်ဂေါမြို့ကို မရောက်ရှိသေးဘဲ ညောင်လယ်နဲ့ ခေါင်းတုံရွာတို့မှာ ရပ်နားနေကြောင်း သိရပါတယ်။