စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို လက်တွေ့အရေးယူတော့မယ်

အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို လက်တွေ့ကျကျအရေးယူသွားတော့မယ်လို့ မင်းတပ် CDF က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကစပြီး စစ်အုပ်စုဖွင့်လှစ်ထားတဲ့ကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်လို့ မိဘတွေအနေနဲ့ စစ်အုပ်စုဖွင့်တဲ့ကျောင်းမှာ ကျောင်းမအပ်ကြဖို့နဲ့ ကျောင်းအပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တာဝန်ယူမှာမဟုတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
မင်းတပ် CDF အနေနဲ့ စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ ဝန်ထမ်းတွေကို အရေးမယူဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ ဝန်ထမ်းတချို့ဟာ သတိပေးခြင်းကို အလေးမထားဘဲ စစ်အုပ်စုနဲ့ဆက်လက်ပူးပေါင်းနေတယ်လို့ ဆိုပါတယ်။
ဝန်ထမ်းတချို့ဟာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းတွေဖွင့်လှစ်ဖို့ ကြိုးစားနေ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။