ကန်ရွာရဲစခန်းက ရွာထဲဝင်ပြီး ထင်းလောင်စာတွေ ယူဆောင်

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ ကန်ရွာမှာရဲစခန်းက လက်နက်တွေနဲ့ ရွာထဲဝင်လာပြီး သူတို့ချက်ပြုတ်စားသောက်ရာမှာ အသုံးပြုဖို့အတွက် ထင်းတွေကို ရွာသားတွေဆီက တောင်းခံသွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“သူတို့က အုပ်စုလိုက် လက်နက်နဲ့ လာတောင်းတာ ၊ အာဏာပါဝါသုံးတာမျိုးတော့ မရှိဘူး ၊ တောင်းတောင်းပန်ပန် တောင်းသွားတာ ၊ ဒါပေမယ့် လက်နက်တွေနဲ့ အုပ်စုလိုက် လာတောင်းတာ “ ပြောပါတယ်။
ရွာနဲ့ရဲစခန်းက သီးခြားစီ ဖြစ်နေပြီး ၊ ရဲတွေ မိသားစုတွေက စခန်းထဲကနေ အပြင်ကိုတဦးချင်းစီ ထွက်တာ ၊ သွားလာတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ကတော့ ဂန့်ဂေါမြို့တောင်ဘက် ရေဘုတ်ရွာမှာ စခန်းချနေပြီး ဂန့်ဂေါမြို့ မြောက်ဘက်ပိုင်း နှမ်းခါးရွာအထိကိုတော့ PDF တွေက လွှမ်းမိုးထားတယ်လို့ သိရပါတယ် ။ အဲဒီလို PDF တွေလွှမ်းမိုးထားတဲ့ ဂန့်ဂေါမြို့ မြောက်ပိုင်း ကျေးရွာတွေဖြစ်တဲ့ ကန်ရွာ ၊ တောင်ခင်ရန်းရွာ နဲ့ ဟံသာဝတီရွာတွေမှာ အကြမ်းဖက်စစ်တပ်အဖွဲ့ဝင် ရဲစခန်းတွေ ရှိနေတာပါ။