ထီးချိုင့်၊ တုံလုံဘက်ပြန်လာတဲ့စစ်တပ် ပဒေသာမိုင်း ၂ လုံးထိပြီး ၅ ဦး ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ဆပ်ပြေးရွာကနေ တုံလုံရွာဘက် စစ်ကြောင်းပြန်လာတဲ့အကြမ်းဖက်စစ် တပ်ကို ပဒေသာမိုင်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့ရာ ၅ ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
ဒီနေ့နေ့လည် ၁၁ နာရီခွဲလောက်မှာ ဒေသတွင်းကာကွယ်ရေးတပ် Eagles Army-HPDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနောက်ထပ် ၂ ဦးလည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကို ၂ ကြိမ်မိုင်းခွဲခဲ့ပြီး ၂ ကြိမ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ Eagles Army-HPDF က ထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့ ကသာခရိုင်ထဲမှာလည်း အခုမေလထဲမှာ စစ်ကြောင်းထိုးတာတွေ စိပ်လာတယ်။ PDF တွေ ဖြတ်တိုက်တာတွေကိုလည်း စစ်တပ်က ကောင်းကောင်းခံနေရတယ်’ လို့ ကသာမြို့၊ ရပ်ကွက် ၅ နေ ပြည်သူတစ်ဦးကပြောပါတယ်။
မေလ ၂၂ ရက်နေ့တုန်းကလည်း အင်ဒေါင်းရွာကနေ စစ်ကြောင်းထိုး ပြန်လာတဲ့စစ်တပ်ကို Eagles Army၊Tagung PDF၊MGZ PDF၊ Fox Army နဲ့ KIA PDF တို့ ပူးပေါင်းပြီး အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပုံစာ-Eagles Army-HPDF ရဲဘော်တွေ