အာဆီယံမူ ၅ ရပ်ကို မြန်မြန်ဆန်ဆန်ဖော်ဆောင်ဖို့ QUAD ခေါင်းဆောင်တွေ ပူးတွဲတောင်းဆို

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန်ဖော်ဆောင်ဖို့ QUAD အင်အားကြီး ၄ နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
Quad အဖွဲ့ဝင် အမေရိကန်၊ ဂျပန်၊ ဩစတေးလျနဲ့ အိန္ဒိယ ခေါင်းဆောင်တို့ဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ QUAD အစည်းအဝေးကို မေလ ၂၃ ကနေ ၂၄ ရက်အထိ ကျင်းပခဲ့ပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာ့အရေး အဲဒီလို ထည့်သွင်း တောင်းဆိုခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအရဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ ထိတွေ့ဆက်ဆံရေး၊ လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိရေးနဲ့ ဒီမိုကရေစီမြန်မြန်ဆန်ဆန်ပြန်လည်ဖော်ဆောင်ရေးတို့ကို ဆက်လက် တောင်းဆိုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေသတွင်းတည်ငြိမ်မှုဆိုင်ရာစိန်ခေါ်မှုတွေကို ဖြစ်ပွားစေတဲ့ မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို အားပေးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကိုလည်း ကြိုဆိုထောက်ခံကြောင်း ဖော်ပြပါတယ်။