စစ်အုပ်စုက NLD အင်္ကျီတွေဝတ်ဆင်ပြီး ပုံဖျက်နေ

ဓာတ်ပုံ- အရာတော်သတင်းမှန်ပြန်ကြားရေး
အကြမ်းဖက်စစ်အုပ်စုက NLDပါတီ အမှတ်တံဆိပ်ပါ အင်္ကျီတွေဝတ်ဆင်ပြီးတော့ ကျေးရွာတွေကို ဝင်ရောက် ဖျက်ဆီးတိုက်ခိုက်နေတယ်လို့ အရာတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်သတင်းတွေအရ သိရပါတယ်။
မေလ ၁၇ရက်နေ့မှာ နောင်ကြီးအိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၅၀ခန့်နဲ့ ထန်းတောကုန်းကျေးရွာကို ဝင်ရောက်ဖျက်ဆီးဖို့ ရောက်ရှိလာချိန်မှာပဲ တော်လှန်ရေးတပ်ပေါင်းစုတွေက ခုခံတိုက်ခိုက်ခဲ့တာပါ။ စစ်အုပ်စုက ၁၅ဦးလောက် ဒဏ်ရာရရှိခဲ့ပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ စစ်အုပ်စုဟာ စစ်တပ်ဝတ်စုံတွေအပြင် NLDပါတီ အမှတ်တံဆိပ်ပါ အင်္ကျီတွေကိုလည်း ဝတ်ဆင်ထားပြီး သူတို့ ဝတ်ဆင်လာတဲ့ အင်္ကျီအချို့ကိုပါ သက်သေအဖြစ် သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
“ဓာတ်ပုံတွေက ဒဏ်ရာရသွားတဲ့ စစ်သားတွေ ချွတ်လဲထားခဲ့တဲ့အဝတ်တွေပါ။ NLD အင်္ကျီက‌တော့ ခွေးပြေးဝက်ပြေးဆုတ်ရင်း ကျန်ခဲ့တာလည်း ဖြစ်နိုင်သလို တမင်ထားခဲ့တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ပုံဖျက်ပြီး သွားလာလှုပ်ရှားနေတာမို့ တခြားမြို့နယ်တွေက တော်လှန်ရေးရဲဘော်တွေလည်း သတိထားနိုင်ဖို့ တင်ပြပေးတာပါ။”လို့ အရာတော် ပကဖ တာဝန်ရှိသူတစ်ဦးက အရာတော် သတင်းမှန်မှာ ဖြေကြားထားပါတယ်။
တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ မေလ ၁၈ရက်နေ့ မနက်ပိုင်းမှာ အရာတော်မြို့ထဲကနေ မြောက်ဘက်ကို စစ်အုပ်စုရဲ့ သံချပ်ကာကား ၂စီးနဲ့ စစ်ကားတစ်စီးဟာ အရာတော်မြို့နယ် မြောက်ပိုင်း ကျေးရွာတွေအနီးကို ရောက်ရှိလာပြီး တပ်စခန်းချ လှည့်လည်နေတယ်လို့ သိရပါတယ်။