သေ့ဘောဘိုး စစ်အုပ်စုတပ်စခန်းကို KNLA /KNDO ပူးပေါင်းတပ်တွေ သိမ်းပိုက်

Photo – ကရင်အမျိုးသားမီဒီယာ
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်အုပ်စုရဲ့ သေ့ဘောဘိုးစခန်းကို ဒီနေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်တွေက တက်ရောက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
KNLA/ KNDO ပူးပေါင်းတပ်နှင့် နီးစပ်သူတစ်ဦးက “သုံးနာရီကျော်လောက်မှာ သူတို့ တက်သိမ်းလိုက်တာ။
အကုန်လုံးတက်ရှင်းလိုက်ပါပြီ။ နှစ်ဘက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မကြားသိရသေးဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာက ရွာထဲမှာပဲ ကြဲချတာ။” လို့ KIC သတင်းဌာနက ဖော်ပြပါတယ်။
မေလ ၁၈ ရက် မနက်ပိုင်းက သေ့ဘောဘိုး စစ်အုပ်စုတပ်စခန်းရှိ စစ်အုပ်စုတပ်နဲ့ KNLA / KNDO ပူးပေါင်းတပ်တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားနေပြီး သေ့ဘောဘိုးစခန်းကို မွန်းလွဲပိုင်းမှသာ KNLA ပူးပေါင်းအဖွဲ့ဘက်က တက်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားရာမှာ စစ်အုပ်စုက လေကြောင်းကနေ ကင်းထောက် လေယာဉ်နဲ့ ကင်းထောက်ပေးနေပြီး ဂျက်တိုက် လေယာဉ်တွေနဲ့ ပစ်ခတ်ဗုံးကြဲနေတာကြောင့် မြေပြင်မှာ သေ့ဘောဘိုး၊ ဥုကလိထ၊ ဘလယ်ဒို ဒေသခံတွေဟာ ထိုင်းနိုင်ဘက်အခြမ်းသို့ အရေးပေါ် စစ်ဘေးရှောင်နေကြရကြောင်း မြေပြင်သတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရပါတယ်။
ဒီကနေ့ မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးကျေးရွာမှာ စစ်အုပ်စုတပ်က လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာလည်း စစ်အုပ်စု စစ်ရဟတ်ယာဉ် ၂ စင်း လာရောက်စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။
Credit – KIC