မြင်းမူ Black Eagle PDF တပ်ဖွဲ့ ကင်းစခန်း စီးနင်းခံရပြီး ၈ ဦးကျဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဲကူကျေးရွာအနီးမှာရှိတဲ့ Black Eagle Defense Force – MMU ရဲ့ ကင်းစခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့ရတယ်လို့ မြောင် CDSOM တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဒီကနေ့ မေလ ၉ ရက်နေ့ မနက်ပိုင်းမှာ Black Eagle Defense Force – MMU ရဲ့ ကင်းစခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့တာပါ။
ဒီနေ့မနက်အစောပိုင်းက Black Eagle ကင်းစခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့တဲ့အကြောင်းကို မြောင် CDSOM တပ်ဖွဲ့က ကိုနွေဦး (မြောင်) က သူရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒဖြန့်စာမျက်နှာတွေမှာတော့ Black Eagle Defense Force – MMU ကို စီးနင်းခဲ့ရာမှာ အလောင်း ရှစ်လောင်း၊ လက်လုပ်သေနတ် လေးလက်၊ လက်လုပ်မိုင်း ငါးလုံး၊ ဖုန်း (၁၅) လုံး၊ ယမ်းကြိုးခွေ သုံးခွေ၊ ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီအိုး နှင့် ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။