ကျောက်ဆည်မှာ ရွာလုံခြုံရေးအကြောင်းပြချက်နဲ့ ပျူစောထီးဖွဲ့ဖို့ စစ်အုပ်စုကြံစည်

မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်အတွင်း ရပ်ရွာလုံခြုံရေးလို့ဆိုကာ ပျူစောထီးဖွဲ့ဖို့ အကြမ်းဖက်စစ်အုပ်စုက ကြံစည်နေကြောင်းသိရပါတယ်။
ကျောက်ဆည်ခရိုင်အတွင်း တစ်ရွာကိုလူ၂၀ကျ သင်တန်းတက်ဖို့နဲ့ သင်တန်းကို ရွာတွေမှာ လာရောက်ပို့ချပေးမယ်လို့ သိရပါတယ်။ဒါ့အပြင် လစာနဲ့လက်နက်ပေးပြီး လိုအပ်ရင် ရှေ့တန်းခေါ်မယ် လို့ ဧပြီ၂၉ရက်နေ့အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးတွေကို စစ်အုပ်စုကပြောကြားကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
‘ကျွန်တော်တို့ လည်းအဲဒီလိုသိထားတယ်။ရပ်ရွာလုံခြုံရေးအကြောင်းပြပြီး မလိမ့်တပတ်နဲ့ ပျူစောထီးဖွဲ့ပြီး ပြည်သူချင်းရန်တိုက်ပေးဖို့ကြိုးစားတာ။စစ်သားအင်အားနည်းလာတာကို ဖြည့်ချင်တာရော၊ပြည်သူချင်းရန် တိုက်ဖို့ရော တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့’လို့ မန္တလေးတိုင်းအတွင်းရှိ ၂၀၂၀ရွေးကောက်ခံ လွှတ်တော်အမတ်တစ်ဦးကပြောပါတယ်။
သင်တန်းတက်မယ့်လူစာရင်းကို မေလ၅ရက်နေ့အပြီးတင်ဖို့ ရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထား ကြောင်း ပြည်သူတွေအနေနဲ့စစ်အုပ်စုရဲ့ ယုက်မာမှုတွေကို ရှောင်ရှားနိုင်ဖို့ကြိုတင်အသိပေး တင်ပြခြင်းဖြစ်ကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
သင်တန်းတက်ဖို့ စည်းရုံးလှုံ့ဆော်နေတဲ့ရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဘယ်သူမဆိုရဲ့ အသက်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ကျောက်ဆည် နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြင်းပြင်း ထန်ထန် သတိပေးလိုက်ပါတယ်။