မြန်မာပြည်အရှေ့တောင်ပိုင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုတိုးမြှင့်လာကြောင်း KHRG ထုတ်ပြန်

Photo crd-KHRG
မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေမှာ အာဏာသိမ်းယူမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာပြီး အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ တိုးမြှင့်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က မနေ့က မတ်လ ၃၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာပြည် အရှေ့တောင်ပိုင်းဒေသဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသတွေ အတွင်းတွေက ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဝေဟင်တိုက်ခိုက်မှုတွေ ပိုတိုးလုပ်ဆောင်လာပြီး အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာနဲ့ လူသားဒိုင်းလုပ်ဆောင်မှုတွေ ပိုတိုးလုပ်လာပြီး စစ်ရှောင် ဦးရေ လည်းတိုးလာကြောင်း KHRG အစီရင်ခံစာက ဆိုပါတယ်။
KHRG အစီရင်ခံစာအရ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် နေ့စဉ်တိုးလာပြီး အိမ်နီးချင်းထိုင်းနိုင်ငံက နယ်ခြားဖြတ်ကျော် ခိုလှုံခွင့်ယာယီပေးထားပေမယ့် နေရပ်ပြန်ဖို့ ဖိအားပေးခံရတာတွေ နယ်စပ်သောင်ရင်း မြစ်တစ်လျှောက် ယာယီတဲတွေနဲ့ လုံခြုံမှုမရှိ ပြေးလွှားပုန်းရှောင်နေရတယ်လိုဆိုပါတယ်။
ဒါ့အပြင် စားနပ်ရိက္ခာ မလုံလောက်တာတွေ ကြုံတွေ့နေရပြီး နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေလည်း နည်းပါးလာတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနေရာတွေမှာ ဝေဟင်တိုက်ခိုက်မှုတွေဟန့်တားနိုင်တဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ လေယာဉ်ဆီတင်သွင်းတာတွေ ဟန့်တားပိတ်ပင်ပြီး အရပ်သားတွေအတွက်နေရာတွေ သတ်မှတ်ပေးဖို့နဲ့ ကုလသမဂ္ဂ အနေနဲ့ ပြတ်ပြတ်သားသားရပ်တည်ပြီး အကြမ်းဖက်စစ်အုပ်စု ကျူးလွန်မှုတွေကို တားဆီးပေးဖို့ တိုက်တွန်းထားပါတယ်။
Photo crd-KHRG