အာဏာသိမ်းကာလအတွင်း ကရင်နီဒေသမှာ မြေမြှုပ်မိုင်းကြောင့် လူတရာ့ငါးဆယ်ဝန်းကျင်ထိခိုက်

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ဝန်းကျင်အတွင်း ကရင်နီ(ကယား)ဒေသ လက်နက်ကိုင်ပဋိပက္ခတွေထဲ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း တရာ့ငါးဆယ်ဝန်းကျင်အထိ ရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေး အဖွဲ့(KHRG)ဒါရိုက်တာ ကိုဗညားက DNA ကိုပြောပါတယ်။
 
“မြေမြုပ်မိုင်း လုံးဝမသုံးတဲ့ နေရာတွေမှာ အခု ပြန်သုံးလာတာ တွေ့ရတယ်” လို့ သူက ပြောပါတယ်။
 
ကရင်နီလူ့အခွင့်အရေး အဖွဲ့အနေနဲ့ ကောက်ယူအတည်ပြုထားနိုင်တဲ့ စာရင်းတွေအရ နှစ်နှစ်အတွင်း အရပ်သား (၅၀)ဝန်းကျင်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တရာဝန်းကျင် စုစုပေါင်း (၁၅၀)လောက်ဟာ မြေမြှုပ်မိုင်းပေါက်ကွဲမှု တွေကြောင့် ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပြီး သေဆုံးသူတချို့လည်း ရှိတယ်လို့ ဆိုပါတယ်။
 
ကရင်နီဒေသတွင်းမှာ ၂၀၂၀ နှစ်ဆန်းပိုင်းကနေ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီတနှစ်ကျော်ကာလအတွင်း မြေမြုပ် မိုင်းကြောင့် ထိခိုက်သူ တစ်ဦးသာ ရှိပြီး အဲဒီထိခိုက်မှုက တောထဲမှာ ဖြစ်ပွားခဲ့တာပါ။
 
ဒါပေမဲ့ စစ်အာဏာသိမ်ပြီး နှစ်နှစ်အကြာမှာတော့ ဒေသတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်မှုနှုန်း ၉၅ ရာခိုင်နှုန်းအထိမြင့်တက်လာတယ်လို့ ကိုဗညားက ပြောပါ တယ်။
 
အချက်အလက်တွေအရ လက်ရှိမှာ ဒီးမောဆိုမြို့နဲ့ ဖရူဆိုမြို့နယ် အနီးတစ်ဝိုက်ဒေသတွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေ အများဆုံး ရှိနေပြီး အရင် မြေမြုပ်မိုင်း မရှိတဲ့ ဒေသတွေမှာ အခုတော့ ထောင် ဂ ဏန်းအထိ ရှိလာတယ်လို့ သူက ရှင်းပြပါတယ်။
 
ပြီးခဲ့တဲ့ အစိုးရနှစ်ဆက် ဆယ်နှစ်တာကာလအတွင်း ပြည်ပနိုင်ငံတချို့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေး စီမံကိန်းတွေ ဆက်တိုက်လုပ်ခဲ့ပြီး မြေမြှုပ်မိုင်း အန္တရာယ်လျှော့ချနိုင်ဖို့ ကြိုးပမ်းမှုတွေရှိ ခဲ့ပါတယ်။
 
ဒါပေမယ့် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲတွေ တရှိန်ထိုးမြင့်တက်လာတာနဲ့အမျှ မြေ မြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာနေတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း‌ မြေမြှုပ် မိုင်း အန္တရာယ်မရှိခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာပါ လက် ရှိမှာ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ရင်ဆိုင်လာ နေရတာဖြစ်ပါတယ်။
 
စစ်အာဏာသိမ်းကောင်စီရဲ့ မြေမြုပ်မိုင်း ဗရမ်း ဗတာအသုံးပြုမှုဟာ လက်ရှိမှာ လက်နက်ကိုင်တော်လှန်ရေး အင် အားစုတွေကို ထိမိတာ ပိုများတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ထိခိုက်ဒဏ်ရာရရှိမှုက အရပ်သားလူထု အပေါ် မှာ ပိုပြီးတော့ ဆိုးကျိုးပိုကြီးနိုင်တယ်လို့ သုံးသပ် သူတွေက ပြောပါတယ်။
 
အာဏာသိမ်းစစ်တပ်ဟာ သူတို့စစ်ကြောင်းထိုးခဲ့တဲ့ကျေးရွာတွေထဲက နေအိမ်ခြံဝန်းတွေထဲမှာပါ မြေမြှုပ်မိုင်း ထောင်ထားခဲ့တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ ဖြစ်စဉ်တွေလည်း လက်ရှိ စစ်အာဏာသိမ်း ကာလအတွင်းမှာ ရှိနေပါတယ်။