မြန်မာတစ်ဝန်း နေရပ်စွန့် ထွက်ပြေးရသူပေါင်း ရှစ်သိန်းခွဲကျော်ပြီ

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ရှစ်သိန်းခွဲကျော်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ဒီကနေ့ထုတ်ပြန်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ အာဏာမသိမ်းခင်ကာလက နေရပ်စွန့်ခွာဦးရေ ၃၇၀,၀၀၀ လောက်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၄၉၅,၃၀၀ အပါအဝင် စုစုပေါင်း ၈၆၅,၇၀၀ ဦးနေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေပြီး အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။
မတ်လ ၇ ရက်နေ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကတည်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် လူဦးရေ ၂၂၈,၉၀၀ လောက်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ဆက်လက်တိုက်ပွဲရှောင်နေရပါတယ်။
အဲဒီတိုက်ပွဲရှောင်နေထိုင်ရသူတွေဟာ ကယားပြည်နယ်မှာ ၉၃,၈၀၀ ဦး၊ ကရင်ပြည်နယ်မှာ ၆၉,၁၀၀ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၅၄,၀၀၀ ဦး၊ မွန်ပြည်နယ်မှာ ၇,၅၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၃,၇၀၀ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ ဦးတို့ ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က နေရာအတော်များများဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးသုံးတိုက်ခိုက်မှု ဒဏ်တွေကို ခံရပြီး အရပ်သား သေကြေဒဏ်ရာရမှု၊ တိုက်ပွဲရှောင်စွန့်ခွာ ထွက်ပြေးရမှု သတင်းတွေကို ကြားသိရ ကြောင်း တည်ငြိမ်မှုမရှိတဲ့ လုံခြုံရေး အခြေအနေတွေကြောင့် မတ်လပထမပတ်နဲ့ ဒုတိယတပတ်အတွင်း ဖာပွန်မြို့နယ်က လူဦးရေ ၇၀၀ လောက်ဟာ ကမာမောင်းနဲ့ လှိုင်းဘွဲ့မြို့နယ်တွေဆီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း သိရပါတယ်။
‘ပြည်သူတွေ အဓိက ထွက်ပြေးရတဲ့ အကြောင်းက စစ်ခွေးတွေက မနိုင်တော့ဘူးဆိုရင် ပြည်သူတွေနေတဲ့ နေရာတွေကိုလည်း လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့်ပဲ’ လို့ သထုံ မြို့ပေါ်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်း အတွင်းမှာလည်း မတ်လဆန်းကတည်းကဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၁၅၀ လောက်ဟာ ပုလောမြို့နယ်အတွင်း တိုက်ပွဲရှောင် ထွက်ပြေးနေရပါတယ်။