အီရတ်အခြေစိုက် အမေရိကန်ကောင်စစ်ဝန်ရုံး ဒုံးကျည်နဲ့ ပစ်ခတ်ခံရ

Photo-AFP
ဒီနေ့ မတ်လ ၁၃ရက်နေ့မှာ အီရတ်နိုင်ငံမြောက်ပိုင်း Irbil မြို့အခြေစိုက် အမေရိကန်ကောင်စစ်ဝန်ရုံးမှာ ဒုံးကျည် ၆ ခုထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရတ်နဲ့ အမေရိကန်လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဒုံးကျည်တွေဟာ အိမ်နီးချင်းအီရန်နိုင်ငံကနေ ပစ်ခတ်တာလို့ အမေရိကန်တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် အမေရိကန်ကောင်စစ်ဝန်ရုံးအဆောက်အအုံကို ထိမှန်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေတွေ မသိရသေးဘူးလို့ အီရတ်အာဏာပိုင်တွေက ဆိုပါတယ်။
ဒါ့အပြင် Irbil မြို့ဟာ ဒီကနေ့မနက်စောပိုင်းမှ ဒုံးကျည်အများအပြားနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီး အဲဒီဖြစ်ရပ်ကို လုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေကာ အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေး အစောင့်တပ်မှ အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ရက်ပိုင်းအကြာမှာပဲ ဒီကနေ့ တိုက်ခိုက်မှု ဖြစ်ပေါ်လာတာပါ။
မတ်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး လက်စားချေသွားမယ်လို့ ကြိမ်းဝါးခဲ့ပါတယ်။