စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးနဲ့ပစ်၊ ၅ ဦးဒဏ်ရာရ

Photo – ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းကျေးရွာ အောင်မြေရာပြည့် ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူတွေအနက် တစ်ဦးမှာ စိုးရိမ်ရအခြေအနေရှိကာ နောက်တစ်ဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နတ်မြောင်းသင်္ချိုင်းနား ပုန်းခိုနေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က တွေ့ရှိခဲ့ပြီးနောက် ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးပိုင်တဲ့ နွားအုပ်ထဲလက်နက်ကြီးနဲ့ ထုခဲ့ရာ နွား ၃ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
‘စစ်ခွေးတွေလာတယ်လို့ သတင်းကြားတာနဲ့ ရွာသားတွေက ကိုယ့်လက်ဝတ်လက်စားလေးပိုက်ပြီး ပြေးရတယ်။ ရွာမှာလူမရှိတော့ အိမ်တွေထဲဝင်မွှေပြီး သူတို့လိုချင်တာ အကုန်ယူတယ်။ ရွာထဲလူရှိရင်လည်း တွေ့တဲ့လူ အသတ်ခံရနိုင်တယ်။ရွာကိုမီးရှို့ချင်လည်း ရှို့တယ်။ဘုန်းကြီးကျောင်းထဲ ပြေးမှန်းသိတော့လည်း ဘုန်းကြီးကျောင်းမရှောင် လက်နက်ကြီးနဲ့ ပစ်တယ်’ လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ အင်စိန်ရွာဟောင်းလမ်းဘက်ကနေ မြောက်ဘက်ကို ဦးတည်ရွေ့လျားနေပြီး ထောက်ကြန့်အင်ခုံဘက် ဝင်လာနိုင်တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။