ပုသိမ်မြို့မှာ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံး

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီကနေ့ မတ်လ ၃ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး စတုတ္ထုလှိုင်းအတွင်းမှာ သေဆုံးသူ ၁၄ ဦးထိရှိလာပြီလို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေဆီက သိရပါတယ်။
“အခုဆုံးပါးသူ အများစုကတော့ ရောဂါအခံရှိသူတွေများပါတယ်၊ အခုထိ အကုန်လုံးက ပေါ့ဆနေကြတယ်၊ စကစကလည်း Maskလေး လိုက်ဝေတာကလွဲပြီးတော့ တကယ်တင်းကြပ်မှုတွေ လုပ်မဲ့အစား မဟုတ်တာတွေပဲလုပ်နေတယ်၊ သူတို့ပဲ ဦးဆောင်ပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတာ”လို့ ပုသိမ်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာ စတုတ္ထလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၆၂၂ ဦးထိ ရှိနေပြီလို့ စစ်အုပ်စုရဲ့ သတင်းတွေမှာ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ ဒီ့ထက်ပိုများနိုင်တယ်လို့ သိရပါတယ်။
“ကူးနေတဲ့သူက ထောင်ကျော်လောက်ရှိမယ် အိမ်မှာပဲ ကြိတ်ကုနေကြတာ ဒီတစ်ခါပိုးက အောက်ဆီဂျင်လဲ သိပ်မလိုတော့ လူတွေက သိပ်ဂရုမထားမိကြတာ၊ Mask တပ်တာ လက်ဆေးတာတွေကို သေချာကို လုပ်သင့်ပေမဲ့ မလုပ်ကြဘူး”လို့ လူမှုရေးအသင်းအဖွဲ့တစ်ခုက အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာ ဖေဖေါ်ဝါရီလအတွင်း အတည်ပြုလူနာ ၈ဦးသေဆုံးခဲ့ပြီး အခုမတ်လအတွင်းမှာတော့ သေဆုံးသူ ၆ဦးရှိခဲ့ပြီး သေဆုံးမှုနှုန်း‌ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။