အဆိုတော် ပိုင်သက်ကျော်ကို CDM တွေ ထောက်ပံ့နေတယ်လို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝန်းကနေ သိရပါတယ်။
ဒီကနေ့ မတ်လ ၂ ရက်နေ့ မနက် ၄ နာရီခန့်မှာ အဆိုတော် ပိုင်သက်ကျော် နေထိုင်တဲ့ လှိုင်သာယာမြိုကနယ် နဝဒေးအိမ်ရာဝင်းထဲမှာရှိတဲ့ နေအိမ်ကို စစ်အုပ်စု ဝင်ရောက်ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
“အိမ်ကို အင်အား ၃၀ လောက်နဲ့ ဝင်စီးပြီးဖမ်းသွားတယ်လို့ပြောတယ်၊ CDM ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာ၊ ဖုန်းတွေပါသိမ်းသွားတယ် ဘယ်ခေါ်သွားမှန်းမသိဘဲ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး” လို့ ရန်ကုန်အခြေစိုက် အနုပညာ သတင်းထောက်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတကာဖိအားတွေကို လျှော့ချနိုင်ဖို့အတွက် ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ ပိုင်တံခွန်၊လူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦးနဲ့ ဒါရိုက်တာဝိုင်းတို့ကို ပြန်လွှတ်ပေးခဲ့ပြီးနောက် အခုလို အနုပညာရှင်တွေကို ထပ်မံဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။