သင်္ဃန်းကျွန်းနဲ့ထန်းတပင်မြို့နယ်တွေက ဆေးရုံတချို့ကိုCDMဝန်ထမ်းရှိ၊မရှိစစ်ကောင်စီက စစ်ဆေး

ရန်ကုန်မြို့၊ထန်းတပင်မြို့နယ်နဲ့သင်္ဃန်းကျွန်းမြို့နယ်တွေက  ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေအလုပ်လုပ်ကိုင်နေတာရှိ၊မရှိ ဇန်နဝါရီ ၂၈ရက် ဒီကနေ့မှာ စစ်ကောင်စီက ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေ၊ဆေးရုံဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ထန်းတပင်မြို့နယ် မြို့မဈေးလမ်း၊ အမှတ် (၃)ရပ်ကွက်၊ချောင်းကြီးကိုတာလမ်းအနီးက ထန်းတပင်အထူးကုဆေးခန်းကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ကျွန်တော်တို့အလုပ်ကိုအသွားမှာ လမ်းမှာ ကားတွေကိုတစ်စီးချင်းစစ်ဆေးနေတော့ မသင်္ကာလို့ ကြည့်လိုက်တော့ ဆေးရုံတစ်ခုကိုဝင်စစ်နေတာကိုတွေ့ လိုက်တယ်”လို့ ထန်းတပင်မြို့နယ်နေဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သင်္ဃန်းကျွန်မြို့နယ်၊၇ ရပ်ကွက်က ပုဂ္ဂလိကဆေးရုံတချို့ကိုလည်း ဒီကနေ့မနက်ပိုင်းက စစ်ဆေးခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

“တောင်းတဲ့ကိုယ်ရေးအချက်အလက်တွေမှာ ဓာတ် ပုံတွေပါ ထည့်ပေးဖို့လုပ်ခဲ့တာတွေရှိတဲ့အပြင် လက်ဘရှိမှာလည်း စစ်ကောင်စီက ဆေးရုံ၊ဆေးခန်းတွေကို လူအင်အားနဲ့ဝင်ရောက်စစ်ဆေးနေတာတွေပါရှိနေပြီ”လို့ စစ်ဆေးခံခဲ့ရတဲ့ ပုဂ္ဂလိက ဆေးရုံတခုနဲ့နီးစပ်သူကပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေ အလုပ်လုပ်ကိုင်တာရှိ၊မရှိနဲ့အင်အားစာရင်းကို မြို့နယ်ရဲတပ်ဖွဲ့နဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေက တောင်းခံတာအပြင် လူကိုယ်တိုင် မြေပြင်ထောက်လှမ်းတာတွေကို စတင် လုပ်ဆောင်နေခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီဘက်က ရပ်ကွက်အလိုက်ဆေးခန်းတွေနဲ့ဆေးဆိုင်တွေကို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကနေတဆင့် စောင့်ကြည့်မှုတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။