ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်တို့ပြန်လည်လွတ်မြောက်

Photo – Social Meida
ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန့်တို့ ပြန်လည်လွတ်မြောက်လာပြီလို့မိသားစု၀င် တွေက အတည်ပြုပြောထားပါတယ်။
“မောင်လေး ပြေတီဦးနဲ့ ညီမလေး အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနေအိမ်ကို ကျန်းကျန်းမာမာနဲ့ ပြန်လည်ရောက်ရှိပါပြီ။ ဒီရက်ပိုင်း ဖုန်းတွေပြန်မဖြေဖြစ်ရင် နားလည်ပေးကြပါရှင် ဆုတောင်းမေတ္တာပို့ပေးတဲ့ တ​ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်” လို့ အိန္ဒြာကျော်ဇင် အမဖြစ်သူက သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောတယ်လို့ ဘီဘီစီသတင်းဌာနက ဒီနေ့မနက်မှာ ဖော်ပြထားပါတယ်။
ဒါရိုက်တာ လူမင်းဟာ အစောဆုံး ဖမ်းဆီးခံခဲ့ရပြီး အဲဒီနောက် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ဗျူတီးဘလော်ဂါ မဝင်းမင်းသန်းတို့ကို ၂၀၂၁ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှဖမ်းဆီးခဲ့ပါတယ်။
မဝင်းမင်းသန်းကိုတော့ စစ်ကောင်စီက ပုဒ်မ ၅၀၅-က အပြင် ပုဒ်မ ၁၇ (၁) နဲ့ပါ တရားစွဲဆိုထောင်ချခဲ့တာပါ။ အခုလွှတ်ပေးမယ့် အထဲမှာ ဝင်းမင်းသန်း အဆိုတော်ပိုပိုနဲ့ ရဲတိုက်တို့ ပါဝင်ခြင်းမရှိသေးဖူးလို့ ဘီဘီစီကဖော်ပြထားပါတယ်။