ဂွါတီမာလာမှာ ရုရှားထုတ်ကိုဗစ်ကာကွယ်ဆေး ၁ သန်း ထိုးမည့်သူမရှိလို့ သက်တမ်းကုန်

Photo – Google
ဗဟိုအမေရိကဒေသနိုင်ငံတစ်ခုဖြစ်တဲ့ ဂွါတီမာလာနိုင်ငံမှာ ရုရှားနိုင်ငံထုတ် စပွတ်နစ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံလိုသူမရှိတဲ့အတွက် ဆေးအစုံတစ်သန်းကျော် သက်တမ်းလွန်သွားခဲ့ပါတယ်။
လူအများအပြားက ဆေးမထိုးကြရသေးပေမယ့် ကာကွယ်ဆေးမထိုးချင်ဘူးလို့ ငြင်းနေကြတယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို ကိုမာက ပြောခဲ့ပါတယ်။
ဂွါတီမာလာနိုင်ငံမှာ လူဦးရေ ၁၇ သန်းရှိတဲ့အနက် အသက် ၁၁ နှစ်ကျော်ပြီးသူ ၁၂ ဒသမ ၆ သန်းထဲမှာ ၄၃ ရာခိုင်နှုန်းက ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးကြသူတွေ ဖြစ်ပါတယ်။
ခုလို ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ကြတာတွေက ရုရှားထုတ်ဆေးဖြစ်နေတာကြောင့်လား၊ လုံးဝ ကာကွယ်ဆေး မထိုးချင်ကြတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
“ပြည်သူတွေအတွက် ကာကွယ်ဆေး အမှတ်တံဆိပ်မျိုးစုံရနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကံမကောင်းချင်တော့ ပြည်သူတွေကြားမှာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တာတွေ များလာပါတယ်” လို့ ဝန်ကြီး ကိုမာက ပြောပါတယ်။
အခုလက်ရှိ သက်တမ်းကုန်လွန်လို့ အလဟဿဖြစ်သွားရတဲ့ ကာကွယ်ဆေးတန်ဖိုးက ဒေါ်လာ ၁၁ သန်းဖိုးရှိပါတယ်။ ဒါ့အပြင် မတ်လအတွင်းမှာ သက်တမ်းကုန်မယ့် စပွတ်နစ် ကာကွယ်ဆေး နောက်တစ်ဖုံကလည်း အစုံ ၁ ဒသမ ၇ သန်း ထပ်ရှိနေသေးကြောင်း သိရပါတယ်။