အကြမ်းဖက်စစ်တပ်ကို ပြတ်သားတဲ့အရေးယူမှုချက်ချင်းလုပ်ဖို့ Fortify Rights တိုက်တွန်း

အကြမ်းဖက်စစ်တပ်ဟာ ကမ္ဘာ့ဈေးကွက်က ဝယ်ယူထားတဲ့ လက်နက်တွေနဲ့ ကိုယ့်ပြည်သူကိုယ် သတ်နေတာတွေ ရပ်တန့်အောင် နိုင်ငံတကာက ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေးအဖွဲ့  Fortify Rights ရဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ismail Wolff က ပြောပါတယ်။

၂၀၂၁ နှစ် မေကနေ ၂၀၂၂ ဇန်နဝါရီအထိ ကယားပြည်နယ်အတွင်း မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အကြောင်း သက်သေအထောက်အထားတွေနဲ့ တင်ပြထားတဲ့ Fortify Rights အဖွဲ့ရဲ့ နှစ်ချုပ်အစီရင်ခံစာလည်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သလို တခြား တိုင်းရင်းသားတွေ အပေါ်လည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီးအဲဒါဟာ  နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ Fortify Rights ကဆိုပါတယ်။

ဒါ့ကြောင့်အာဆီယံ အနေနဲ့ ကုလလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ကမ္ဘာ့လက်နက်ကုန်သွယ်ခွင့် တားမြစ်မိန့်ကို ထောက်ခံအားပေးပြီး မြန်မာအကြမ်းဖက်တပ်ကို လက်နက်နဲ့နည်းပညာ ရောင်းချတာ တားမြစ်ဖို့ လည်း Fortify Rights က တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအနေနဲ့ အဲဒီလို တားမြစ်မယ်ဆိုရင် ဒါဟာ ဗျူဟာမြောက်လုပ်ဆောင်ချက်ဖြစ်လိမ့်မယ်လို့ လည်း ဆိုပါတယ်။