နွေဦးတော်လှန်ရေးအတွင်း သတင်းသမားတစ်ဦးထပ်မံကျဆုံး

၁၀၊ဇန်နဝါရီလ၊၂၀၂၂။

ချင်းပြည်နယ် ၊ မတူပီမြို့နယ်မှာ အရပ်သား ၁၀ဦး သတ်ဖြတ်ခံရမှုအတွင်းချင်းသတင်းဌာနတစ်ခုက ဝါရင့်သတင်းထောက် Pu Tui Dim ပါဝင်ခဲ့ပါတယ်။

Pu Tui Dim ဟာ Khonumthung သတင်းဌာနမှာ လုပ်ကိုင်နေတဲ့ဝါရင့်သတင်းထောက်တစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၉ရက်နေ့က တူပီမြို့နယ်၊ကီးလှုန်းရွာမှာ သူ့ရဲ့အ လောင်းကို တွေ့ရှိခဲ့တယ်လို့ Chinland Information Center ကဖော်ပြပါတယ်။

အသက်မပြည့်သေးသူ ၁၃ နှစ်အရွယ် နှစ်ဦး၊ သတင်းထောက်တစ်ဦးအပါအဝင် အမျိုးသား ၁၀ ဦး ကိုအကြမ်းဖက်စစ်တပ်ကပစ်သတ်ခဲ့ပြီး ဘယ်လိုသတ်ပစ်ခဲ့သလဲဆိုတာနဲ့ ဘယ်အချိန်သတ်တာလဲဆိုတာကို မသိဘူးလို့  ဆိုပါတယ်။ 

အလောင်းကိုဇန်နဝါရီ၉ရက်နေ့မှာရရှိပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ 

Pu Tui Dim သေဆုံးမှုဟာ စစ်အာဏာသိမ်းပြီးနောက် တတိယမြောက်သတင်းဆရာသေဆုံးမှု ဖြစ်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၂၅ရက်နေ့က  မြဝတီမြို့နယ်၊လေးကေ့ကော်နဲ့မျက်နှာချင်းဆိုင်က မယ်ဝါးခီးရွာထိပ်မှာ လက်နက်ကြီးကျည်ထိမှန်လို့ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ ၊ ကဗျာဆရာ အေစိုင်းကေ ကျဆုံးခဲ့ပါတယ်။ အေစိုင်းကေဟာ လေးကေ့ကော်ဒေသတွင်းသတင်းတွေရယူဖို့နဲ့ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာလုပ်ငန်းတွေဆောင် ရွက်ဖို့ ဒီဇင်ဘာ၁၃ရက်နေ့က လေးကေ့ကော်ကို ရောက်ရှိခဲ့တာပါ။

ပထမဆုံးကျဆုံးခဲ့တဲ့သတင်းထောက်မှာ အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဖြစ်ပြီး သူဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောရေးစခန်းမှာ ကျဆုံးခဲ့တာပါ။ ကိုစိုးနိုင်ဟာ အသံတိတ်သပိတ်ကျင်းပခဲ့တဲ့ ဒီဇင်ဘာ၁၀ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

 

Delta News Agency

Read Previous

ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူအချင်းချင်း ကူညီနေချိန်မှာ စစ်အုပ်စုက ဖြတ်သန်းသွားခွင့်နဲ့ တည်းခိုခွင့်ကို တားမြစ်မှုတွေ ရှိနေ

Read Next

အာဏာသိမ်းပြီးနောက် ထိုင်းကိုမြန်မာတွေ တရားမဝင် ဝင်ရောက်မှု ဆယ်စုနှစ်အတွင်းအများဆုံး