တီးတိန်မြို့ တော်လှန်ရေးဦးဆောင်တစ်ဦး လုပ်ကြံခံရ

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ချင်းပြည်နယ် တီးတိန်မြို့က နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Pa Cin Sian Sum ကို အမည်မသိလက်နက်ကိုင်တစ်စုက လာရောက်လုပ်ကြံခဲ့တာကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၅ရက်နေ့ မနက်အစောပိုင်းမှာ Pa Cin Sian Sum တိမ်းရှောင်နေတဲ့ မြို့မရပ်ကွက်က နေအိမ်တစ်ခုကို အမည်မသိလက်နက်ကိုင် ၂ဦးက လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ သူက သူ့အိမ်မှာမအိပ်ရဲဘူး တခြားအိမ်မှာအိပ်တယ်၊ အဲဒီအိပ်တဲ့နေရာမှာ လက်နက်ကိ်ုင်အဖွဲ့အစည်းက လာပြီး သူ့ကိုရှာတာလို့ပြောတယ်၊ လက်နက်ကိုင် ၂ ယောက်က သူအိပ်တဲ့နေရာကိုသွားပြီးတော့မှ စကားအပြန်အလှန်ပြောပြီး သေနတ်နဲ့နှစ်ချက်ပစ်ခံရတာလို့သိရတယ်’’လို့ ဒေသခံတစ်ဦးက ခိုနူမ်းသုန်သတင်းဌာနကို ဖြေကြားထားပါတယ်။

Pa Cin Sian Sumကို လုပ်ကြံသူတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့စည်းတစ်ခုရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဇိုမီးဖက်ဒရယ် အစည်းအရုံး Zomi Federal Union – PDF Zolandက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပက်သက်ပြီး Zomi Federal Union – PDF Zolandက စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရှိစေရေးအတွက် အရေးယူအပစ်ပေးသွားမယ်လို့ သိရပါတယ်။